သီပေါမြို့နယ်အတွင်း ကျောက်မီးသွေးတူးနေသည့် ငွေရည်ပုလဲကုမ္ပဏီကို ဒေသခံလူငယ်များကန့်ကွက်

0
307
ပုံစာ- သီပေါဒေသခံလူငယ်များ ကျောက်မီးသွေးတူးဖော်နေသည့်ငွေရည်ပုလဲကုမ္ပဏီကိုကန့်ကွက်နေ။

သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်နေသည့် ငွေရည်ပုလဲကုမ္ပဏီကို ဒေသအတွင်း သဘာဝသယံဇာတ သစ်တောသစ်ပင်များ ပျက်စီးစေလို့ ဒေသခံလူငယ်များက ကန့်ကွက်ကြကြောင်း စုံစမ်းသိရသည်။

သီပေါမြို့နယ်၊ နမ့်မကျေးရွာအုပ်စုအတွင်း ကျောက်မီးသွေးတူးနေသည့် ငွေရည်ပုလဲကုမ္ပဏီကို ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့က ကျောက်မဲခရိုင်အတွင်းမှ လူငယ်များက စုပေါင်းပြီး ကန့်ကွက်ခဲ့ကြသည်။

ယင်းကဲ့သို့ ကျောက်မီးသွေးတူးဖော်နေမှုကြောင့် ဒေသခံ ၃၀၀၀ ကျော်၏ နေထိုင်စားသောက်ရေးများ ထိခိုက်နေကြောင်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွင်ပါဝင်သည့် အိုက်တော (နာမည်လွှဲ) က ပြောသည်။

“ပထမ ရေသောက်မြစ် ၊ ချောင်းတွေကို ထိတာပေါ့၊ အဲ့ကြောင့် စိုက်ပျိုးရေးအတွက် ရေမရနိုင်တော့ဘူး၊ စိုက်ပျိုးရေးချိန် ရေမလုံလောက်မှုပြဿနာ ကြုံရတာ ၃ နှစ်ကျော်ပြီ၊ ဒီနားတဝိုက် စိုက်ပျိုးရေး အဓိက လုပ်ကိုင်စားသောက်တဲ့ ဒေသခံ ၃၀၀၀ ကျော် ရှိတယ်” ဟု အိုက်တော (နာမည်လွှဲ) က ပြောဆိုသည်။

ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီသည် ငွေရည်ပုလဲကုမ္ပဏီထံမှ အခွန်အခကြေးငွေများစွာ လက်ခံ ရရှိထားပြီး လက်ရှိတွင်လည်း သျှမ်းမြောက်ဒေသမှ မြေဧကပေါင်း ၃၀၀၀ ကျော်ကို ကျောက်မီးသွေး တူးဖော်ခွင့်ပြုထားသည်ဟုလည်း စုံစမ်းသိရသည်။

ကန့်ကွက်ရာတွင်ပါဝင်သည့် လူငယ်တစ်ဦးက “ငွေရည်ပုလဲကုမ္ပဏီကနေ ကျောက်မီးသွေးတူးဖော်မှုကို ရပ်စေချင်တယ်၊ နောက်တစ်ခုကတော့ ဒေသအာဏာပိုင်တွေကလည်း ကိုယ့်ရပ်ရွာသယံဇာတတွေကို ကာကွယ်ထိန်းသိမ်း စေချင်တယ်၊ ကျနော်တို့ စိုက်ပျိုးရေးလုပ်ငန်းကို ကောင်းကောင်းမွန်လုပ်နိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာ” ဟု ပြောသည်။

ငွေရည်ပုလဲကုမ္ပဏီမှ စစ်ကောင်စီအတွက် အခွန်များပေးဆောင်ပြီး ကျောက်မီးသွေးတူးဖော်နေခြင်းနှင့် ပတ်သက်ပြီး သျှမ်းပြည်သူဒေသခံများက တညီတညွှတ် ပူးပေါင်းဆန့်ကျင် ဆန္ဒပြကြရန်လည်း သျှမ်းမြောက်မှ ဒေသခံလူငယ်များက ပြောဆိုတိုက်တွန်းထားသည်။

ဆန့်ကျင်ဆန္ဒပြ လှုပ်ရှားမှုတွင်ပါဝင်သူ လူငယ်တစ်ဦးက “ငွေရည်ပုလဲကုမ္ပဏီက စစ်ကောင်စီကို ငွေရှာပေးနေတဲ့ သဘောပဲ၊ ပြီးတော့ သူတို့လုပ်ခွင့်က သက်တမ်းကုန်တာကြာပြီ၊ စစ်အာဏာသိမ်းပြီးနောက်မှ စစ်ကောင်စီနဲ့ပေါင်းပြီး ပြန်တူးနေကြတာ၊ အခုဆို လယ် ၊ယာ၊ ခြံ၊ ဒေသအတွင်းက သဘာဝသယံဇာတ သစ်တောသစ်ပင်တွေ တော်တော်ပျက်စီးနေပြီမို့ သျှမ်းပြည်တခုလုံး တညီတညွှတ်တည်း ပူးပေါင်းဆန့်ကျင်ကြဖို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

ငွေရည်ပုလဲကုမ္ပဏီသည် သီပေါမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ခွင့်ရခဲ့သည်မှာ ၂၀၀၄ မှ စတင် ရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လည်း သီပေါမြို့နယ်၊ နားကွန်ကျေးရွာနှင့် ကုန်းပေါင်းကျေးရွာအနီးတို့တွင် ဆက်လက်တူးဖော်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ငွေရည်ပုလဲကုမ္ပဏီမှ တာဝန်ရှိသူများသည် ဒေသအတွင်း ရွာလူကြီးများနှင့် တွေ့ဆုံပြီး ကျောက်မီးသွေး ဆက်လက်တူးဖော်မည့်အကြောင်း၊ ဒေသခံများအနေဖြင့် ကန့်ကွက်ပြောဆိုရန် မလိုကြောင်း လာရောက်ပြောဆိုခဲ့သည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် သီပေါမြို့နယ်၊ နမ့်မကျေးရွာအုပ်စုမှ နားကုန်းကျေးရွာ၊ ကုန်းပေါင်းကျေးရွာတို့ဘက် အထိ ကျောက်မီးသွေး ချဲ့ထွင်တူးဖော်မှုကြောင့် မြေသားများ အက်ကွဲခြင်း၊ ချောင်းကမ်းပါးပြိုခြင်းများ မကြာခဏ ကြုံတွေ့ရကြောင်း ဒေသခံများက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်တွင် ငွေရည်ပုလဲကုမ္ပဏီမှ ကျောက်မီးသွေးတူးဖော်မှုကို ချဲ့ထွင် လုပ်ဆောင်နေခြင်း နှင့်ပတ်သက်ပြီး ဒေသခံများ၏ ကျန်းမာရေး၊ စီးပွားရေးနှင့် သဘာဝသယံဇာတများ ထိခိုက်ပျက်စီးရကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုပ် (SHRF) က လည်း ထုတ်ပြန်ကြေညာထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here