သီပေါမြို့တွင် လက်နက်ကိုင်တပ်ဖွဲ့များကို အခွန်ပေးဆောင်ပြီး လောင်းကစားဝိုင်းဖွင့်နေ

0
313
ပုံစာ - လက်နက်ကိုင်တပ်ဖွဲ့များကို အခွန်ပေးဆောင်ပြီးဖွင့်လှစ်သည့် သီပေါမြို့ရှိလောင်းကစားဝိုင်းတခု။

သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် လောင်းကစားဝိုင်းသည် လက်နက်ကိုင်တပ်ဖွဲ့များကို အခွန်ပေးဆောင်ပြီး ဖွင့်လှစ်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှ စတင်ပြီး ယနေ့အချိန်အထိ သီပေါမြို့နယ် ပတိမ်တောင်ရပ်ကွက်တွင် လောင်းကစားဝိုင်းသည် လက်နက်ကိုင်တပ်ဖွဲ့များထံ အခွန်ပေးဆောင်ပြီး ဖွင့်လှစ်နေလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

“ရပ်ကွက်အတွင်းမှာ လောင်းကစားဝိုင်း နေ့တိုင်း ရှိနေတာကို မမြင်ချင်တော့ ရက်ရှည်မဖွင့်ဖို့ ဘာညာ တချို့က သွားပြောတာပေါ့၊ ဒါပေမယ့် သူတို့က တိုင်းရင်းသား လက်နက်ကိုင်တွေဆီလည်း အခွန်ဆောင်ပြီးပြီ၊ ရဲရော၊ စရဖရော လာဆော့နေကြတာ၊ ဘာမှ မဖြစ်ဘူးတဲ့၊ အဲ့ဒါကြောင့် ရပ်ကွက်သူရပ်ကွက်သားတွေတော့ စိတ်ဆင်းရဲ နေရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်း ပိုင်ရှင်သည် မည်သူဖြစ်ကြောင်း မသိရသော်လည်း ပိုင်ရှင်ဖြစ်သူက တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ နှင့် ဒေသအတွင်းက အာဏာပိုင်များထံ အခွန်ပေးဆောင်ပြီး ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းလောင်းကစားဝိုင်းသည် နေ့ရောညပါ ဖွင့်လှစ်ထားသည့်အတွက် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများအတွက် အနှောင့်အယှက်ဖြစ်သည့် အပြင် လုံခြုံရေးအတွက်လည်း စိုးရိမ်ရကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

“နေ့ရော ညရော ဖွင့်ကြတာ၊ အသံတွေ ဆူညံတော့ အိပ်ရေးပျက်ရတယ်။ ပြီးတော့ လောင်းကစားဝိုင်းရှိရင် လူဆိုး သူခိုးတွေလည်း ရှိတတ်တော့ အိမ်ကို သူခိုးတက်မလား၊ ဓားပြတိုက်မလား ဆိုတာမျိုးတွေ တွေးပူရတယ်။ အမျိုးသားမရှိတဲ့ အိမ်တွေဆို ပိုဆိုးတာပေါ့။ အသက်ကြီးတဲ့သူ တစ်ယောက်တည်းနဲ့လည်း အိမ်စောင့် မထားရဲဘူး” ဟု ၎င်းက ပြောဆိုသည်။

တအာင်းတပ်ဖွဲ့ TNLA နှင့် ရှမ်းပြည်တိုးတက်ရေး တပ်မတော် SSPP တို့သည် လောင်းကစားဝိုင်းများ ဖွင့်လှစ်ခြင်းကို တားမြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသော်လည်း လက်ရှိ၌ ရပ်ကွက်အတွင်း ပေါ်တင်ဖွင့်လှစ် နေကြသည့် လောင်းကစားဝိုင်းကို အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံများ ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်တွင် SSPP ၏ သတင်းစာမျက်နှာဖြစ်သည့် SSPP Info သတင်းစာမျက်နှာမှ တဆင့် ၎င်းတို့ ထိန်းချုပ်သည့် နယ်မြေအတွင်း လောင်းကစားဝိုင်း ဖွင့်လှစ်ပါက ပိုင်ဆိုင်မှု သိမ်းဆည်းပြီး ဥပဒေအတိုင်း အရေးယူသွားမည် ဟုလည်း ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ရပ်ကွက်အတွင်း လောင်းကစားဝိုင်းများ ပေါ်တင်ဖွင့်လှစ်ခွင့် ရရှိနေခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရန် အတွက် (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့၏ တာဝန်ရှိ ပြောရေးဆိုခွင့်ရှိသူ အသီးသီးထံသို့ ဖုန်းဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here