သရက်ချောင်းဒေသခံ ၁ သောင်းကျော် စားနပ်ရိက္ခာ အရေးပေါ်လိုနေ

0
362
ပုံစာ - စစ်ရှောင်ပြေးနေကြသည့် ဒေသခံရွာသားတချို့ (photo-Dawei PDF)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိအချိန်တွင် စစ်ရှောင်ပြည်သူများ သယ်ယူလာသည့် စားသောက်စရာများ ပြတ်လုနီးပါးဖြစ်လာနေပြီး စစ်ကောင်စီတပ်က ကျေးရွာထဲတွင် ဆက်လက်တပ်စွဲ နေထိုင်နေခြင်းကြောင့် နေရပ်ပြန်ဖို့ အခက်ကြုံနေရကြောင်း စစ်ရှောင်ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန်လ ၉ ရက် က စပြီး တပ်အင်အား ၁၀၀ ကျော်ဖြင့် သရက်ချောင်းမြို့နယ်ထဲက ကျေးရွာများကို လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်၍ ရွာစဉ်လှည့် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ခြင်းကြောင့် ကျွဲမင်းကုန်း၊ ကနက်သီရိ၊ ရငဲ၊ ဝင်းဝ၊ သိမ်ကုန်း၊ ကမြိုင်၊ ဝဲရစ် စသည့် ကျေးရွာများ အပါအဝင် ကျေးရွာ ၁၀ ရွာကျော်ရှိ ဒေသခံ ၁ သောင်းကျော်က အိုးအိမ်စွန့်ခွာပြီး အသက်ဘေးလွတ်ရာကို တိမ်းရှောင်ရသည်မှာ တစ်ပတ်ကျော်ကြာ ရှိလာပြီဟု ၎င်းတို့က ပြောသည်။

သရက်ချောင်း မြို့နယ်ထဲရှိ ကျေးရွာများကို စစ်ကောင်စီတပ် ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီး ခဲ့ခြင်းကြောင့် ဒေသခံနေအိမ် ၁၀ လုံး ထက်မနည်း မီးလောင်ပျက်စီးခဲ့သည့် အပြင် ဇွန်လ ၁၁ ရက်က မိခင်အတွက် ဆေးဝါး ပြန်လာယူသော ရငဲရွာသား အသက် ၂၃ နှစ်အရွယ် ကိုဝေယံဟိန်းကို သေနတ်နှင့် ပစ်သတ်ခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၁၂ ရက်က သရက်ချောင်းမြို့နှင့် ၂ မိုင်အကွာတွင်ရှိနေသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့၏ ကင်းစခန်းတစ်ခုကို ဝင်ရောက်စီးနင်းသိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသအခြေစိုက် ဒေါင်းမင်းစစ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here