ဝိုင်းမော်ရှိ စစ်ကောင်စီ ခလရ ၅၈ တပ်ရင်းနှင့် ဝူယန်ပြည်သူ့စစ်စခန်းတို့ ကတုတ်ကျင်းများတူး၍ လုံခြုံရေးအကာအကွယ်ယူနေ

0
134
ပုံစာ - ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာ ပြည်သူ့စစ်တပ်စခန်းတွင် လုံခြုံရေးယူကတုတ်ကျင်းတူးဖော်နေစဉ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ ခလရ ၅၈ တပ်ရင်းနှင့် ဝူယန်ပြည်သူ့စစ် တပ်စခန်းပတ်လည်၌ ကတုတ်ကျင်းတူးတာ၊ ကျေးရွာအတွင်း လမ်းနေရာတချို့တွင် လုံခြုံရေးတင်းကြပ်မှုတိုကို လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

ဝူယာန်ပြည်သူ့စစ် တပ်စခန်းဝင်းနေရာ ပတ်ပတ်လည်ကို ဇူလိုင် ၁၇ ရက်နေ့က လူတစ်ရပ်စာလောက်နက်သည့် ကတုတ်ကျင်းကို ယခင်ဝါးထံရံကာထားသည့်နေရာကို ကပ်လိုက်၍ ထပ်တူးပြီး လုံခြုံရေးတိုးမြှင့် ကာရံလိုက်ခြင်းဖြစ်သည်ဟု ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အဓိကတော့ ဝိုင်းမော်စစ်ရေးအခြေအနေက ခလရ ၅၈ တပ်ရင်းနဲ့ အလွန်နီးကပ်သွားပြီ ဖြစ်တဲ့အတွက် လုံခြုံရေး တင်းကြပ်ထားတာလို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ၅၈ ပါသွားပြီဆိုရင် မြောက်ပိုင်းတိုင်းနဲ့ နီးသွားပြီ။ ရှေ့တန်းမှာ အဲဒီတပ်ရင်းတစ်ခုသာ ကျန်တော့တာဖြစ်တဲ့အတွက် ဝူယန်ပြည်သူ့စစ်တပ်စခန်းကို ခံတပ်စခန်း အနေနဲ့ ပိုပြီးလုံခြုံရေးအတွက် လုပ်ဆောင်နေတယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဒေသခံတို့၏ ပြောဆိုချက်အရ ဝူယန်ပြည်သူ့စစ်စခန်းနေရာကို ယခင်က တုတ်ကျင်းတူးတာမျိုး မရှိပေမယ့် လက်ရှိ၌ ဝိုင်းမော်မြို့ စစ်ရေးအခြေအနေအရ လုံခြုံရေးကို စိုးရိမ်လာသည့်အတွက် စစ်ရေးပြင်ဆင်မှု သိသိသာသာ လုပ်ဆောင်လာတာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယင်အပြင် ခလရ ၅၈ တပ်ရင်းရှိသည့် ခကရွမ်နှင့် ဝူယန်ကျေးရွာ ကြားတွင်လည်း လမ်းများပိတ်ပြီး လုံခြုံရေး တင်းကြပ်ထားတာကြောင့် ဝိုင်းမော်ဒေသခံများ အပြင်ထွက်သွားလာလို့ မရတော့သည့်အခြေနေအထိ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလနှင့် ဇွန်လကစပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များက ဝူယန်နှင့် ခကွမ် (Hkakrum) ကျေးရွာသို့သွားသည့် လမ်းတလျှောက်တွင် စစ်အင်အား ၁၀၀ ဝန်းကျင်ကို အသုံးပြုပြီး လမ်းနေရာတချို့ကို ပိတ်ဆို့တာ၊ လမ်းကြားတချို့၌ ကတုတ်ကျင်းတူးတာအပြင် လုံခြုံရေးကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေသည်ဟု ဒေသခံများက ဆက်ပြောဆိုသည်။

လက်ရှိတွင် ဝိုင်းမော်မြို့နှင့် အနီးဆုံး ဝူယန်ကျေးရွာ အောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့က နယ်မြေစိုးမိုးထားပြီး ဝူယန်အထက်ဘက်ခြမ်းရှိ လမြန်၊ မုတ်ကျိတ်၊ နမ်ဝါ စသည့် ကျေးရွာများဘက် အခြမ်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့က နေရာယူထားကြောင်း ဒေသခံတို့ထံမှ သိရှိရသည်။

ဝိုင်းမော်ဒေသအတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့၏ စစ်ရေးအခြေအနေ သည် ဝူယန်ကျေးရွာ အထက်အောက်၌ နှစ်ဖက်စစ်တပ်ကြား စောင့်ကြည့်နေကြသည့် အနေအထားဖြစ်သည့် အတွက် ဒေသခံပြည်သူများ သွားလာရန် အခက်ခဲကြုံနေရသည်ဟု ဝူယန်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သွားရင်းလာရင်း မဖြတ်ခိုင်းတဲ့ အချိန်တွေရှိတယ်။ တခါတလေတော့ သွားခွင့်ပေးတယ်။ ဝိုင်းမော်ဒေသခံတွေက စစ်ရေးကြောင့် ရွာကနေ ထွက်ပြေးတိမ်းရှောင် နေကြတာများတယ်။ တခါတလေ လိုအပ်လို့ ရွာထဲကို ခဏ ပြန်မယ်ဆိုရင် မပြန်ခိုင်းဘူး။ ဂိတ်တွေမှာ ပြန်ခေါက်ခိုင်းတယ်။ ဝူယန်ဘက်မှာ ပိုဆိုးတယ်။ သူတို့ကြည့်ပြီး သူစိမ်းပုံစံဖြစ်နေရင် ပိုစစ်တယ်။ ဖုန်းဆိုင်ကယ်၊ အားသွင်းကြိုး၊ အကုန်စစ်တယ်။ တချို့တွေဆိုရင် ရိုက်နှက်ခံရတဲ့ သူတွေတောင်ရှိတယ်။ အရင်ဂိတ်မရှိတဲ့ နေရာတွေမှာ ဂိတ်တွေထားပြီး စစ်တယ်” ဟု ၎င်းက ဆိုသည်။

ဝိုင်းမော်ဒေသခံများမှာ ပြီးခဲ့သည့် မေလက KIA ပူးပေါင်းတပ်များက ဝိုင်းမော်မြို့နယ်ထဲရှိ စစ်ကောင်စီ တပ်စခန်းနေရာများကို စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပြီးသည့်နောက် အဆိုပါကားလမ်းမတကြောရှိ ကျေးရွာအားလုံးနီးပါးမှ ဒေသခံများသည် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here