ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် လီဆူ ပြည်သူ့စစ်အဖွဲ့တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိနေသည်ဟု ရှေ့တန်းသတင်းအရင်းအမြစ်တို့က ပြောဆိုသည်။
စစ်ကောင်စီတပ်နှင့် လီဆူပြည်သူ့စစ်အဖွဲ့က ဝါးရှောင်နှင့် ဆဒုံး – ကန်ပိုင်တည်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာချိန် လမြန်ကျေးရွာတဝိုက်တွင် တိုက်ခိုက်ခံနေရပြီး ထိခိုက်သေဆုံးမှုတို့ ရှိနေခြင်းဖြစ်သည်။
မေလ ၂၃ ရက်နေ့တစ်ရက်လုံး လမြန်ကျေးရွာတဝိုက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ဘက်က ၁၀ ဦးကျော် သေဆုံးခဲ့ပြီး ရုပ်အလောင်းများကို ညမိုးချုပ်ချိန်၌ လာရောက်ကောက်ယူသွားကြောင်း KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ယခုလိုပြောသည်။
“ဝိုင်းမော်မှာ ဒီတလောနေ့တိုင်းလိုလို တိုက်ပွဲပြန်ဖြစ်နေတယ်။ မနေ့က တစ်ရက်ထဲ နှစ်ကျော့တောင် တိုက်ပွဲဖြစ်တယ်။ စစ်တပ်ဘက်က ၁၀ ယောက်ကျော်လောက်သေတယ်။ အလောင်းတွေတောင် မနေ့ည မိုးချုပ်တဲ့အချိန်မှ အလောင်းတွေသွားကောက်ယူကြတယ်။ ဒီကနေ့ မနက်ပိုင်းမှာလည်း လမြန်နားမှာ စစ်ကြောင်းတက်ဖို့လုပ်နေတာ KIA တွေ ပြန်သွားတိုက်တော့ ထိခိုက်မှုရှိတယ်လို့တော့ပြောတယ်” ဟု ၎င်းကပြောသည်။
မေလ ၂၀ နောက်ပိုင်း ဝိုင်းမော် ခလရ ၅၈ တပ်ရင်းနှင့် ဝူယာန်ပြည်သူ့စစ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး KIA ထိန်းချုပ်ထားသည့် ဝါးရှောင်၊ ဆဒုံး၊ ကန်ပိုင်တည်ဘက်ကို စစ်အင်အားအလုံးအရင်းနှင့် ထိုးစစ်တက်လာချိန် KIA က လမြန်ကျေးရွာအနီး ခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
မေလ ၂၄ ရက်နေ့တွင်လည်း စစ်ကြောင်းဆက်ထိုးရန် စုဝေးပြင်ဆင်နေသော စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် အဖွဲ့တို့ကို လမြန်ကျေးရွာအနီး KIA က ထပ်မံသွားရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဆက်ဖြစ်နေကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားရာဘက်ကို စစ်ကောင်စီတပ် ခလရ ၅၈ တပ်ရင်းနှင့် ဝူယာန်ပြည်သူ့စစ်တပ်စခန်းတို့ကနေ လက်နက်ကြီး ပစ်ခတ်နေကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်ထဲတွင် တိုက်ပွဲပြန်ဖြစ်လာသည်မှာ ၃ ရက်ခန့်ရှိလာပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တို့ စစ်ရေးလှုပ်ရှား လာသည့်အတွက် ယခုလို နှစ်ဖက်ပစ်ခတ်မှု ပြန်လည်ဖြစ်ပေါ်လာသည်ဟု ဒေသခံတို့က ပြောဆိုသည်။
“မနေ့က အစောကြီးကတည်းကနေ ဝိုင်းမော်၊ လမြန်ဘက်ကနေ စစ်ကြောင်းတွေတက်နေလို့ တိုက်ပွဲဖြစ်နေတယ်။ ဒီရက်ပိုင်း လက်နက်ကြီးသံတွေ ဆက်တိုက်ပြန်ကြားနေရတယ်။ ဒီဘက်ကနေ လက်နက်ကြီးတွေလည်း လှမ်းလှမ်းပစ်နေတယ်” ဟု ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဝက်ခန့်အထိ ဝိုင်းမော်ဒေသထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့တာကြောင့် တိုက်ပွဲနယ်မြေဖြစ်သလို ဝိုင်းမော် ခလရ ၅၈ တပ်ရင်းနှင့် ဝူယာန်ပြည်သူ့စစ် တပ်စခန်းနှစ်ခုသာ KIA သိမ်းပိုက်ရန် ကျန်ရှိနေသည်။
ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီ၏ ဗျူဟာမြောက်တပ်ရင်း၊ တပ်စခန်းများကို လက်လွတ်ခဲ့ရပြီးနောက် ပြန်လည်သိမ်းပိုက်ရန် ယခုလို စစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းဖြစ်သည်ဟု စစ်ရေးသတင်းအရင်းအမြစ်တို့က သုံးသပ်ပြောဆိုသည်။
KIA ပူးပေါင်းတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲတွင် ဝိုင်းမော်မြို့ရှိ မြစ်ကြီးနား – ဗန်းမော်သွားလမ်း၊ မြစ်ကြီးနား – ဆဒုံး၊ ကန်ပိုင်တည်သွားလမ်း ကားလမ်းမကြီး တလျှောက်နှင့် မြို့နေရာအားလုံးကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
လက်ရှိ၌ ကချင်ပြည်နယ်ထဲတွင် စစ်ကောင်စီတပ်က လက်လွတ်ခဲ့ရသည့်နေရာများကို ပြန်လည်ထိန်းချုပ်ရန် ဝိုင်းမော်မြို့နယ်သာမက ဖားကန့်နှင့် မြစ်ကြီးနားမြို့နယ်ထဲကိုလည်း စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်းဖြစ်သည်။
KNG ပေးပို့သည်။