KNU – ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၇) ထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ခလယ်ဒေး စစ်ကောင်စီတပ်စခန်း အနီးတဝိုက်ကို မတ် ၂၄ ရက်နေ့ တစ်မနက်မှာပင် လေကြောင်းဖြင့် ဗုံးအလုံးရေ ၂၀ ကျော် စစ်ကောင်စီတပ်က ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံက သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်၏ ပိတ်ဆို့မှုခံထားရသည့် KNU ဌာနချုပ်နှင့် အနီးဆုံးရှိ စစ်ကောင်ခလယ်ဒေးရွာ အခြေစိုက်စခန်းအတွက် စစ်ကောင်စီက ဂျက်ဖိုက်တာနှင့် Y-12 အမျိုးအစား လေယာဥ်များအသုံးပြု၍ တပ်ကူပေးခဲ့ခြင်းဖြစ်ကြောင်း စခန်းအနီးနေထိုင်သူတို့က ပြောသည်။
စစ်ကောင်စီက မတ် ၂၄ ရက်နေ့ ၁၁ နာရီဝန်းကျင်မှစတင်၍ လေကြောင်းကနေ ဂျက်ဖိုက်တာဖြင့် ပေါက်ကွဲအား ပြင်းထန်သည့် ဗုံး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး မွန်းလွဲပိုင်းတွင်လည်း Y-12 ဖြင့် ဗုံးအလုံးရေ ၁၀ လုံးကျော် ထပ်မံကြဲချခဲ့သည်ဟု စခန်းအနီးနေထိုင်သူ ဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။
“နေ့လည် ၂ နာရီလောက်မှာ သူတခေါက်လာတယ်။ ၂ နာရီ ၁၅ မှာ ၃ လုံး၊ နောက်ခဏကြာတော့ ၃ လုံး၊ တခါ ချရင် ၃ လုံးလောက် ဆက်တိုက်ကြဲချတာ။ ဒါပေမဲ့ နံနက်ပိုင်းက ပိုကြောက်ဖို့ကောင်းတယ်။ ကျမတို့ ခေါင်းပေါ်တင် အဲဒီဖိုက်တာကပျံသွားတာ နီးနီးလေး။ ကြဲချတော့လည်း ကြောက်စရာကြီး။ ညကျရင်လည်း လျှိုထဲပဲဝင်ပြီး နားစွင့်နေရဦးမယ်” ဟု အဆိုပါဒေသခံအမျိုးသမီးက ပြောသည်။
စစ်ကောင်စီတပ်က ယင်းသို့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုနှင့် ပျက်ဆီးဆုံးရှုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်သော်လည်း ခလယ်ဒေးစခန်းအနီးတဝိုက်ရှိ ဒေသခံအများစုမှာ သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံဘက်သို့ ယာယီစစ်ရှောင်ပြေးလျက်ရှိကြောင်း မျက်မြင်တွေ့ရှိချက်အရ သိရသည်။
ထိုင်းနယ်စပ်ရှိ သတင်းအရင်းအမြစ်တချို့၏ပြောဆိုမှုအရ မတ်လ ၂၃ ရက်နေ့ကတည်းက ထိုစခန်းအနီးတဝိုက် ပစ်ခတ်မှုများ ရှိလာခြင်းကြောင့် ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အို အများစုပါဝင်သည့် ဒေသခံများသည် ထိုင်းနိုင်ငံဘက်သို့ ဖြတ်ကူးကာ စစ်ရှောင်လာကြ၍ ထိုင်းအာဏာပိုင်များက အကူအညီပေးထားသည်ဟု သိရသည်။
ထို့အပြင် နှစ်နိုင်ငံနယ်စပ်အနီးစပ်ဆုံး၌ ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် သောင်ရင်းမြစ်တကြောသို့ လေယာဥ် ၂ စင်းဖြင့် ထိုင်းလေတပ်ဘက်က ကင်းလှည့်စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း ထိုင်းသတင်းတချို့၌ ဖော်ပြထားသည်။
ယခု ၂၀၂၅ ခုနှစ်အတွင်း တပ်မဟာ (၇) နယ်မြေ၌ နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုတို့ ခပ်စိပိစိပ် ဖြစ်ပွားလျက်ရှိရာ၌ ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က ပိုင်ကျုံမြို့နယ်ရှိ ပူလူတူစခန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ဒေသခံများ တစ်လနီးပါးကြာ ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးရှောင်ခဲ့ကြရသေးသည်။
KIC ပေးပို့သည်။