လွိုင်ကော်၊ သီရိမင်္ဂလာဈေး (တောင်ဈေး) လက်နက်ကြီးကြောင့် မီးလောင်ပြာကျ

0
349
ပုံစာ - မီးလောင်ကျွမ်းပြီးနောက်တွေ့မြင်ရသည့် လွိုင်ကော်၊ သီရိမင်္ဂလာဈေး။

၁၁.၁၁ မြို့ပြစစ်ဆင်ရေးဆင်နွဲနေသည့် ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေး (တောင်ဈေး) မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်စောပိုင်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ပြာကျ ခဲ့ရတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောသည်။

“ညနေပိုင်း (ဒီဇင်ဘာလ ၉ ရက်) လောက်ထဲက လောဓမ္မ စျေးနားက လက်နက်ကြီးနဲ့ စပစ်ခံနေရပြီ။ အဲ့နားက ကံချားဆိုင် (ကုန်မာဆိုင်) နဲ့ အိမ်အချို့က လက်နက်ကြီး ထိနေတယ်ကြားတယ်။ ညသန်းခေါင်နားရောက်မှ တောင်စျေး မီးစ လောင်တယ်။ ခုမနက် ၆နာရီ လောက်ထိ မငြိမ်းသေးဘူး ။ ဘယ်သူမှလည်း မငြိမ်းရဲကြဘူးလေ” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် ၁ နာရီခန့်ကစပြီး သီရိမင်္ဂလာတောင်ဈေးရဲ့ ဈေးတန်းတွေမှာ မီးလောင်ခဲ့တာဖြစ်ပြီး ကူးစက်လောင်ကျွမ်းမှုကြောင့် ဈေးတန်းတစ်ခုလုံး ပျက်စီးဆုံးရှုံးမှု များပြားနေတယ်လို့ လွိုင်ကော်ဒေသခံတွေထံမှ သိရသည်။

လက်ရှိမှာလည်း လွိုင်ကော်မြို့တွင်း တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး အချိန်မီ မီးငြိမ်းသတ်ဖို့လည်း ပစ်ခတ်မှုတွေ ရှိနေတာကြောင့် မလွယ်ကူကြောင်း ဒေသခံတွေက ပြောဆိုသည်။

စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာကြောင့် သီရီမင်္ဂလာစျေး (တောင်စျေး) အပါအဝင် ဈေးအနီးအနားရှိ လောဓမ္မရပ်ကွက်အတွင်း နေအိမ်များလည်း ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်ဟု ဆိုသည်။

လွိုင်ကော်မြို့တွင်း ဒေသခံများ ရှိနေဆဲဖြစ်သည့် လောဓမ္မ၊ ရွှေတောင်၊ မင်္ဂလာ အစရှိတဲ့ ရပ်ကွက်အတွင်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောသည်။

သီရိမင်္ဂလာဈေးဟာ ကရင်နီဒေသခံတွေ အားကိုးအားထားရတဲ့ ဈေးကြီးဖြစ်တဲ့အပြင် ဒေသခံတိုင်းရင်းသားအများစု လာရောက်ဈေးရောင်းချနေသည်မှာ နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိနေပြီ ဖြစ်သည်။

“ဆိုင်ခန်းတွေ အားလုံးလိုလိုသွားပြီလို့ ကြားတယ်။ ကျမတို့ဆိုင်ခန်းလေးပါသွားရင် ဘယ်လို ရှေ့ဆက် လုပ်စားရတော့မလဲရှင်။ ဝယ်ထားတာမှ မကြာသေးဘူး” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောဆိုသည်။

၂၀၂၁ ခုနှစ် စာရင်းအရ သီရိမင်္ဂလာတောင်ဈေးမှာ ဆိုင်ခန်းပေါင်း ၁၀၆၂ ခန်း ၊ ပျံကျ ၄၀၀ ကျော်နဲ့ ဈေးသူ/သား ၅၀၀ ကျော်က ရောင်းချလျက် ရှိနေတယ်လို့ သိရသည်။

လက်ရှိတွင် လွိုင်ကော်မြို့တွင် ၁၁.၁၁ စစ်ဆင်ရေး စတင်ပြီးနောက် ဈေးတန်းအများစုမှာ ပိတ်ထားလိုက်ရပြီး စစ်ဘေးရှောင်ခဲ့ရတယ်လို့ လွိုင်ကော်ဒေသခံများက ပြောဆိုသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here