လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၃၅၀ နီးပါးသာလွတ်မြောက်

0
133
Photo – PPMM

စစ်ကောင်စီကြေညာခဲ့သည့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်သည့် အရေအတွက်မှာ မြေပြင်အခြေအနေနှင့် ကွဲလွဲနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောဆိုသည်။

PPNM အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင် ၄၀ ကျော်အား စောင့်ကြည့်စာရင်းကောက်ယူခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ၂၀၈ ဦး၊ နိုင်ငံရေးအကျဉ်းသူ ၁၃၁ ဦး စုစုပေါင်း ၃၄၄ ဦးခန့်သာ လွတ်မြောက်လာသည်ဟု ဆိုသည်။

“၇၇” ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၅၈၆၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော် ပါဝင်သည်ဟု စစ်ကောင်စီက ၎င်းတို့လက်အောက်ခံ မီဒီယာများတွင် ပြောဆိုခဲ့သည်။

ယင်းသို့ပြောကြားချက်မှာ မြေပြင်အခြေအနေနှင့် ကွဲလွဲနေသည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM ဦးဆောင်ကော်မတီဝင်ဖြစ်သူ ကိုသိုက်ထွန်းဦးက ပြောသည်။

“ကျနော်တို့ ပြောလို့ရတာကတော့ ၅၀၅ ပုဒ်မတွေ သူတို့ဆီမှာရှိတဲ့စာရင်းတွေကို ထည့်တွက်ထားသလားဆိုတာတော့ စစ်ကောင်စီကို မေးခွန်းပြန်ထုတ်ရမှာဖြစ်တယ်။ ဒါပေမယ့် ဒီလိုမျိုးမေးခွန်းထုတ်လိုက်ခြင်းအားဖြင့် သူတို့တွေရဲ့ မှားယွင်းမှုကို ဒီဘက်ကိုလည်း ရောချနိုင်တယ်ပေါ့နော်။ ကလိန်ဉာဏ်ဆင်ပြီး ပြန်ပြောတာမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် ထုတ်ပြန်ချက်ထဲတွင်လည်း တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရမည့်အကျဉ်းသား ၁၄၄ ဦးကိုလည်း ထောင်ဒဏ် ၁၅ နှစ်သို့ ပြောင်းလဲကျခံရမည်ဟုပါရှိပြီး ၎င်းတို့မှာ မည်သူမည်ဝါဖြစ်သည်ဟု ဖော်ပြမထားသဖြင့် ဆက်လက်စောင့်ကြည့် စစ်ဆေးသွားမည်ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

“နိုင်ငံရေးအကျဉ်းသားအများစုက လွတ်ရက်နီးတဲ့သူတွေလို့ ပြောချင်ပါတယ်။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ ထပ်သိရရင်လည်း ထုတ်ပြန်ချက်မှာပဲ Update ထည့်သွားဖို့ပါပဲ။ အဓိကအားဖြင့်တော့ မှတ်တမ်းမှတ်ရာတွေ ကျန်ရှိစေချင်တဲ့ဆန္ဒ ဖြစ်ပါတယ်။ နောက်တချက်က စစ်ကောင်စီရဲ့ လိမ်လည်မှုတွေကို ကျနော်တို့အနေနဲ့ ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်တဲ့အတွက် ကျနော်တို့ ဒီစာရင်းတွေဟာ အရေအတွက်အားဖြင့်ပဲ ပြုစုနိုင်သေးတာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ယခင်နှစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် ရက်များတွင်လည်း လွတ်ငြိမ်းစာရင်းပါရှိသည့် နိုင်ကျဉ်းများအား ထောင်အာဏာပိုင်များက အခြားရာဇဝတ်အကျဉ်းသားများဖြင့် စောင့်ကြည့်ခိုင်းခြင်း၊ သတင်းပို့ခိုင်းခြင်း၊ ပြဿနာများဖန်တီး၍ တိုက်ပိတ်ခြင်းများ ပြုလုပ်ဖူးသဖြင့် အလားတူဖြစ်ရပ်များ ထပ်မံကြုံရမည်ကို စိုးရိမ်ရသည်ဟု နိုင်ကျဉ်းဟောင်းများက ပြောဆိုသည်။

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျဉ်းထောင် ၄၀ ကျော်အနက် ရွှေဘို၊ အိုးဘို၊ မြင်းခြံ၊ ပြည်၊ မအူပင်၊ တောင်ငူ၊ ပခုက္ကူ၊ အင်းစိန်၊ ဟင်္သာတ၊ ကလေး၊ မကွေး၊ ပေါင်းတည်၊ မိတ္တီလာ၊ ဒိုက်ဦး၊ မိုးညှင်း၊ သာယာဝတီ စသည့် ထောင်ပေါင်း ၁၆ ခုသာပါဝင်ခဲ့ပြီး ကျန်သည့်ထောင်များတွင် နိုင်ကျဉ်းတစ်ဦးတစ်ယောက်မျှ မပါဝင်ခဲ့ဟု PPNM က ကောက်ယူရရှိခဲ့သည့် စာရင်းများအရ သိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုရာ၌လည်း အကျဉ်သားများအား နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခင်ပြစ်ဒဏ်ကိုပါ တပေါင်းတစည်းတည်း ကျခံရမည်ဆိုသည့် ကန့်သတ်ချက်နှင့် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here