လောင်းလုံးမြို့ ကျွန်းဆွယ်တလျှောက် စစ်ကောင်စီတပ်စစ်ကြောင်းထိုးစဉ် ဒေသခံအများအပြား ဖမ်းဆီးခေါ်သွား

0
289
Photo - ထားဝယ်သပိတ်ကော်မတီ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ ကျွန်းဆွယ်တလျှောက်ရှိ ကညိုကျွန်း၊ ဝေဒီ၊ စစ်ပြဲ၊ လေးကျွန်းခံ အစရှိသည့် ကျေးရွာများသို့ ဒီဇင်ဘာ၂၇ ရက်နေ့မှစ၍ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ‌ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် ဒေသခံအများအပြားရှိနေကြောင်း မြို့ခံများထံမှ သိရသည်။

လောင်းလုံးမြို့ခံအမျိုးသားတစ်ဦးက “ရွာတစ်ရွာကိုဝင်ပြီးရင် အဲဒီကလူတွေကိုဖမ်းတယ်၊ ခေါ်သွားတယ်။ နောက်တစ်ရွာရောက်ရင် ဖမ်းလာတဲ့တချို့ကို ပြန်လွှတ်ပေးတယ်။ သန်သန်မာမာရှိတဲ့ယောင်္ကျားတွေကို ဆက်ခေါ်သွားတယ်။ အခုချိန်ထိက သူတို့လက်ထဲမှာ လူသားဒိုင်းအနေနဲ့ ဖမ်းခေါ်သွားတဲ့သူတွေရှိနေတုန်းပဲ။ ဘယ်နှစ်ယောက်‌ဆိုတာတော့ အတိအကျ မသိဘူး။ အဲဒီထဲမှာ အမျိုးသမီးတွေလည်းပါတယ်။ လမ်းလျှောက်နိုင်တဲ့ သူ‌တွေပေါ့” ဟု ဆိုသည်။

ကျွန်းဆွယ်တလျှောက်ရှိ ရွာပေါင်း ၂၀ ကျော်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာစဉ် အကာအကွယ် အနေဖြင့် အမျိုးသမီးများအပါအဝင် ဒေသခံလူငယ်များအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ၎င်းတို့တွင် ပြန်လွတ်လာသူတချို့ ရှိသော်လည်း စစ်ကောင်စီလက်ဝယ်အတွင်း ဆက်လက်ဖမ်းဆီးခံထားရသည့် ဒေသခံများလည်း လက်ရှိအချိန်ထိ ကျန်ရှိနေသေးကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

ထို့အပြင် ဒီဇင်ဘာ ၂၈ ရက်‌နေ့က စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာရာရှိ လေးကျွန်းခံရွာနှင့် စစ်ပြဲရွာမှ နေအိမ် ၂၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ရွာပေါင်း ၂၀ ကျော်မှ ဒေသခံများလည်း ရွှေ့ပြောင်းတိမ်းရှောင်နေရကြောင်း စစ်ရှောင်အရေးကူညီနေသူများက ပြောသည်။

လောင်းလုံးမြို့ခံ စစ်ရှောင်ကူသူတစ်ဦးက “သူတို့ဝင်လာတဲ့ရွာပေါင်း ၂၀ ကျော်က ဒေသခံအများစုက စစ်ရှောင် နေရတုန်းပဲ။ ဒီနေ့ဆို သူတို့ သပြေရှောင်ကျေးရွာအုပ်စုဆီ ရောက်နေပြီ။ စစ်ရှောင်ဦးရေက ကျနော်တို့ စာရင်းကောက်ဖို့ခက်တယ်။ ကျနော်တို့လောင်းလုံးက ကျွန်းဆွယ်ဆိုတော့ အောက်ဖက်မှာစစ်ကြောင်းထိုးရင် လူတွေက အပေါ်ဘက်ကိုတက်တယ်။ အဲ့လိုရွေ့ပြောင်းနေရတော့ ရွာထဲဝင်လိုက်ထွက်လိုက် အနေအထားမှာ စစ်ရှောင်ဦးရေက ခန့်မှန်းရခက်တယ်” ဟု ပြောသည်။

ကုန်းကြောင်း နှစ်ကြောင်း၊ ရေကြောင်း တစ်ကြောင်း အင်အားစုစုပေါင်း တပ်အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်များက ၎င်းတို့ဖမ်း‌ဆီးထားသော ဒေသခံများအား အကြမ်းဖက်နှိပ်စက်ခြင်း မရှိသော်လည်း ဖုန်းအတွင်း တော်လှန်ရေးနှင့် ပတ်သက်သည်များ စစ်ဆေးတွေ့ရှိပါက ဆက်လက်ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟုလည်း ဒေသခံများက ပြောသည်။

ထို့အတူ စစ်ကောင်စီတပ်များသည် ရွာများအတွင်း စစ်ကြောင်းထိုး ဝင်ရောက်စဉ်တွင်လည်း ဒေသခံများ၏ နေအိမ်များအား ဖောက်ထွင်းဝင်ရောက်၍ နေအိမ်ရှိပစ္စည်းများအား ယူဆောင်သွားကြကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဒီဇင်ဘာလကုန်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here