လောင်းလုံးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲဖြစ်ပြီးစစ်ရေးတင်းမာ

0
261
ပုံစာ - ဒေသကာကွယ်ရေးတပ်ဖွဲ့များ။ (Photo-တနင်္သာရီ ပကဖ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကရင်ကြီးကျေးရွာအနီးတွင် နိုဝင်ဘာ ၉ ရက်နေ့ မနက် ၈ နာရီခန့်ကစပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ ထံမှ သိရသည်။

တပ်အင်အား ၆၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ကျောက်ဆင်ကျေးရွာကနေ ကရင်ကြီးကျေးရွာထဲ ဝင်ရောက်လာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ LLPDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

အချိန်တစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး ထိခိုက်သေဆုံးနိုင် ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါသည်။

အဆိုပါစစ်ကြောင်းသည် ကရင်ကြီးကျေးရွာဘက်ကို ဝင်ရောက်လာမည်ဆိုသည့် သတင်းအရ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

နှစ်ဖက်တိုက်ပွဲပြီးနောက် အထိနာသွားသော စစ်ကောင်စီတပ်က ကျောက်ဆင်ကျေးရွာဘက်ကို ပြန်ဆုတ်သွားပြီး ကျေးရွာအတွင်း တပ်စွဲနေထိုင်နေကြောင်း တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်များက ပြောပါသည်။

တော်လှန်ရေးအင်အားစုများက စစ်ကောင်စီစစ်ကြောင်း ဆက်ရှိနေခြင်းကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေပြီး အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်နိုင်ကြောင်း ဒေသခံများအား သတိပေးထားသည်။

ကနဦးတိုက်ပွဲကြောင့် သဘောဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီ စသည့်ကျေးရွာများမှ ဒေသခံများအနေနှင့် ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာ ၁ ရက်နေ့ကစပြီး လောင်းလုံးမြို့နယ်ရှိ ကျေးရွာများထဲကို စစ်ကြောင်း ထိုးလာခြင်း ဖြစ်သည်ဟု သိရသည်။

လောင်းလုံးမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ အကြား နှစ်ဖက်တိုက်ပွဲ ၁၀ ကြိမ် ထက်မနည်း ဖြစ်ပွားထားကြောင်း ဒေသတွင်းသုတေသန အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here