လောင်းလုံးတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၃ ဦး ထက်မနည်း သေဆုံး

0
348
ပုံစာ- ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ (Photo-LLPDF)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာအနီး တပ်စွဲထားသော စစ်ကောင်စီ၊ ပျူစောထီး ပူးပေါင်းတပ် တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်း သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုမှုအရ သိရသည်။

တပ်အင်အား၂၀ နီးပါး တပ်စွဲနေထိုင်သော ယင်းစစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းတပ်ကို အောက်တိုဘာ ၄ ရက်နေ့ နံနက် ၅ နာရီလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်ချိန် ၂ နာရီ ကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပြောသည်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရေတပ် စစ်သင်္ဘောမှ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ကူပေးခဲ့သလို ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်များထံက သိရသည်။

တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်ပျက်စီးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှု ရှိသည်ဟု ဒေသခံများက ပြောဆိုပြီး အခြေအနေ အသေးစိတ်ကို မသိရှိရသေးဟု ဆိုသည်။

လောင်းလုံးမြို့နယ်တွင် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ တပ်စခန်း၊ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်များ မကြာခဏ တိုက်ခိုက်ခံနေရပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများလည်း ရှိနေသည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်း တပ်တို့ အကြား နှစ်ဖက်တိုက်ပွဲ အကြိမ်ရေ ၅၀ ထက် မနည်း ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သုတေသနအဖွဲ့ အစည်းများ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here