ချင်းပြည်နယ်၊ လိုင်လင်းပီမြို့အနီးတွင် Maraland Defense Force (MDF) က CDF- Mara မှ ရဲဘော် ၂ ဦးကို ထပ်မံ ဖမ်းဆီးခဲ့ပြီးနောက် နှစ်ပတ်ခန့်အတွင်း CDF- Mara မှ ရဲဘော် ၆ ဦး အထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု CDF- Mara မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဇန်နဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီခန့်တွင် လိုင်လင်းပီမြို့အနီး ၉ မိုင်ရွာတွင် CDF – Mara ၊ တပ်ရင်း – ၃ မှ တပ်ခွဲ့မှူး ဆန်နှင်နှင့် ရဲဘော်ရာလိုင်တို့ကို Maraland Defense Force (MDF) က ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု Chinland Defense Force – Mara မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“၄ ယောက်ကို ခုချိန်လည်း ပြန်မလွှတ်ပေးသေးဘူး။ ဒီမနက်လည်း ၂ ယောက် ထပ်ဖမ်းသေးတယ်။ တစ်ယောက်က တပ်ခွဲမှူး ၊ ၉ မိုင်ရွာမှာ ဈေးသွားဝယ်ရင်းနဲ့ အဲဒီမှာ ဖမ်းသွားတယ်။ နောက်တစ်ယောက်ကတော့ လူကြုံသွားပို့ရင်းနဲ့ ဖမ်းဆီးခံလိုက်ရတယ်” ဟု ၎င်းက ပြောသည်။
တပ်ခွဲမှူးဆန်နှင်အား ဖမ်းဆီးချိန်တွင် ၎င်းတွင် သေနတ်တစ်လက်ပါသွားပြီး ရဲဘော်ရာလိုင်အား ဖမ်းဆီးချိန်တွင် မည်သည့်လက်နက်မျှ မပါရှိကြောင်း CDF- Mara မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ရွှေလိုက်ဝကျေးရွာတွင် CDF- Mara တပ်ရင်း (၄) မှ ဘိတ်နှေချွာ (တပ်ခွဲမှူး) နှင့် ဘွေးယာ (တပ်သား) တို့ကို MDF တပ်ရင်းမှူးတူပါး ဦးဆောင်သည့်တပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်ဟု CDF- Mara မှ ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုမှုအရ သိရသည်။
CDF- Mara မှ ရဲဘော် ၂ ဦး ဖမ်းဆီးခံရမှုအတွက် CDF- Mara မှ ဗျူဟာမှူးဦးထက်ဆန်းနှင့် တပ်ရင်းမှူးဦးခူးမာတို့က MDF နှင့် ရက္ခိုင်တပ်တော် (AA) တာဝန်ရှိသူများထံ ၎င်းတို့အားပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
AA နှင့် MDF တာဝန်ရှိသူများက ရွှေလိုက်ဝကျေးရွာသို့ လာရောက်ရန် လုံခြုံရေးကို တာဝန်ယူမည်ဖြစ်ကြောင်း၊ ရွှေလိုက်ဝကျေးရွာရောက်လျှက် ချက်ချင်းလွှတ်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ရာမှာ ဇန်နဝါရီလ ၇ ရက်က CDF Mara ၏ ဗျူဟာမှူးနှင့် တပ်ရင်းမှူးတို့သည် ရွှေလိုက်ဝကျေးရွာသို့ သွားရောက်ရာတွင် ၎င်းတို့ကိုပါ ဖမ်းဆီးထားလိုက်သည်ဟု CDF – Mara က ဇန်နဝါရီလ ၁၇ ရက်က ထုတ်ပြန်သည်။
မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ/ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) သည် တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်းကြား မလိုလားအပ်သော ပဋိပက္ခများ မဖြစ်စေလိုသောကြောင့် ဇန်နဝါရီလ ၁၈ ရက်မှ စတင်၍ ၎င်း၏ နယ်မြေအတွင်း ကြိုတင်အသိပေးခြင်း မရှိဘဲ တပ်စွဲခြင်း၊ သွားလာလှုပ်ရှားခြင်းများ လုံးဝမပြုလုပ်ရန် နောက်ဆုံး အနေဖြင့် သတိပေးကြောင်း ထုတ်ပြန်ထားသည်။
MDF အနေဖြင့် အကြိမ်ကြိမ် သတိပေးထုတ်ပြန်ထားသော်လည်း ၎င်းတို့နယ်မြေအတွင်း ကြိုတင်အသိပေးခြင်း မရှိဘဲ ဝင်ရောက်လှုပ်ရှာခြင်း တပ်စွဲခြင်းများနှင့် ရန်ပြုခြင်းများကို အကြိမ်ကြိမ်ပြုလုပ်သည်ဟု MDF က ဇန်နဝါရီလ ၁၈ ရက်က ထုတ်ပြန်သည်။
လက်ရှိတွင် MDF မှ ရဲဘော်များသည် လိုင်လင်းပီမြို့အနီးရှိ ၉ မိုင် ရွာအနီးတွင် အင်အားအလုံးအရင်းဖြင့် နေရာချထားပြီး CDF- Mara မှ ရဲဘော်များကို ဆက်တိုက်ဖမ်းဆီးမှုများ လုပ်လာခြင်းသည် လိုင်လင်းပီမြို့ကို ထိန်းချုပ်ချင်၍ လုပ်ဆောင်လာခြင်း ဖြစ်နိုင်သည်ဟု CDF- Mara မှ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။
လိုင်လင်းပီမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် လက်ရှိတွင် CDF – Mara နှင့် ချင်းအမျိုးသားတပ်ဦး CNF/ CNA တို့က ထိန်းချုပ်ထားသည်ဟု သိရသည်။
ချင်းပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် CNF/CNA၊ CDF- Mara၊ CDF- Matupi ၊ CDF- Lautu၊ CDF- Zophei၊ CDF- Thantlang ဒရုန်းတပ်ဖွဲ့တို့သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် လိုင်လင်းပီမြို့ရှိ ခလရ – ၃၀၄ အထိုင်စခန်းကို စတင်တိုက်ခိုက်ခဲ့ရာ ငါးရက်အကြာ နိုဝင်ဘာလ ၂၄ ရက်တွင် လိုင်လင်းပီမြို့ကို အပြီးသိမ်းနိုင်ခဲ့သည်။
လိုင်လင်းပီမြို့သည် ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းကို ချိတ်ဆက်သွားလာရာမှာ အဓိက အချက်အချာကျပြီး လေယာဉ်ကွင်းလည်းရှိသည်။
လိုင်လင်းပီမြို့တွင် ပြည်သူ့အုပ်ချုပ်ရေး စတင်လည်ပတ်နိုင်ရန် ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် CDF – Mara တို့ ပူးတွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
CDF – Mara တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံထားရမှုနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရန် MDF တာဝန်ရှိသူများထံ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးသဖြင့် ဖုန်းဆက်လက်ခေါ်ဆို ဆက်သွယ်ဆဲပင် ဖြစ်ပါသည်။
KMG ပေးပို့သည်။