လက်နက်ကြီးကျည်ကြောင့် ဗန်းမောက်မြို့၊ ဆင်ကန်းကျေးရွာရှိ နေအိမ်နှင့်စပါးကျီမီးလောင်

0
211
Photo – Social Media
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ် ဆင်ကန်းကျေးရွာအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်တစ်လုံးနှင့် စပါးကျီတစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့  စစ်ကောင်စီစစ်ကြောင်းများ ဆင်ကန်ကျေးရွာကို ဝင်ရောက်ခဲ့ပြီးချိန်တွင် ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဆင်ကန်မှာနေထားတာ သူတို့ တစ်လလောက်ရှိပြီ KIA နေထားတာ၊ နောက်မှ သူတို့ (စစ်ကောင်စီ) ထိုးခဲ့တဲ့ နေ့ကြတော့လည်း KIA,PDF က ထိန်ဆုံဘက်ကို ပြေးသွားပြီ ပြောတယ်။ မရှိတဲ့နေ့မှ ထုလာတယ်ပြောတယ်လေ။ အိမ်တစ်လုံးနှင့် စပါးကျီတစ်လုံးတော့ ထိတယ်ပြောတာပဲ၊ လူကိုတော့ အထိအခိုက်မရှိဘူး ပြောတယ်” ဟု ဖြစ်စဉ်ကိုသိရှိသူ ထိုဒေသခံက ပြောဆိုသည်။
ဗန်းမောက်မြို့နယ် ဆင်ကန်ကျေးရွာအတွင်း KIA,PDF ပူးပေါင်းတပ်များက အထိုင်ချထားသည်မှာ တစ်လနီးပါး ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာစဉ် ဆင်ကန်ကျေးရွာအနီး KIA,PDF တပ်များနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကျေးရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောဆိုသည်။
ကျေးရွာခံများ ထွက်ပြေးတိမ်းရှောင်ခဲ့စဉ်လည်း ဆင်ကန်ကျေးရွာခံအမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်အတွင်း KIA,PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်များအကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။
ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here