ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်မှုများပါ ရှိနေသည်ဟု ဒေသခံများကပြောသည်။
နောင်ချိုမြို့နယ်အတွင်းရှိ တောင်းခမ်းကျေးရွာတွင် နှစ်ဖက်တပ်အကြား တိုက်ပွဲများဖြစ်ပွားနေသည်ဟု မြေပြင် သတင်းရင်းမြစ်များက ပြောသည်။
တောင်းခမ်းဒေသခံတစ်ဦးက “တိုက်ပွဲက ရပ်မယ်သာထုတ်ပြန်ထားကြတာ တကယ်တော့ မြေပြင်မှာက တိုက်ပွဲက ပြင်းပြင်းထန်ထန်ကို ဖြစ်နေတာ။ လေယာဉ်နဲ့လည်း လာပစ်တယ်။ နောင်ချို တောင်းခမ်းဆိုရင် လေယာဉ်နဲ့ လာမပစ်တဲ့နေ့ကို မရှိဘူး။ ဆက်တိုက်ပစ်နေတာ” ဟု ပြောသည်။
ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ် အမြောက်တပ်စခန်း ၉၀၂ တပ်ရင်းနေရာတွင် နှစ်ဖက်တပ်ကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီတပ်ဘက်က လေကြောင်းမှပါ လာရောက်ဗုံးကြဲသွားသည်ဟု ဒေသခံများက ပြောသည်။
အလားတူ တောင်ခမ်းကျေးရွာရှိ ၉၀၂ တပ်စခန်းအနီးတွင် စစ်ကောင်စစ်တပ်ကနေ အဆိပ်ငွေ့ ဗုံး (၃) လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့သည်ဟုလည်း တအာင်းတပ် TNLA က သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် နောင်ချိုမြို့နယ်ထဲက နမ့်ဆောင်ဟူးကျေးရွာထဲကိုလည်း စစ်ကောင်စီတပ်က ဧပြီလ ၅ ရက်နေ့ညတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၄ လုံး ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရက်ပေါင်း ၂၀ အကြာ အပစ်ရပ်မည်ဟုကြေညာခဲ့သော စစ်ကောင်စီတပ်သည် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့်အတူ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကိုပါ လေကြောင်းဖြင့် ဗုံးကြဲခြင်း စသည့်လုပ်ရပ်များ ပြုလုပ်နေသည်ဟု TNLA က ဆိုသည်။
ယခုရက်ပိုင်းအတွင်း မိုးကုတ်မြို့အနောက်ပိုင်းနှင့် နောင်ချိုမြို့နယ်ရှိ နောင်လင်ကျေးရွာနှင့် နမ့်ဆောင်ဟူး ကျေးရွာတို့တွင်လည်း ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် အများအပြား ထိမှန်ပျက်စီးသွားခဲ့သည်။
မြန်မာနိုင်ငံတွင် ပြင်းအား ၇.၇ အဆင့်ရှိသော အင်အားပြင်းငလျင်လှုပ်ခတ်ချိန် မတ်လ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ်အတွင်း ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်ဟု ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီတပ်က အင်အားငလျင်ဒဏ်ကြောင့် ၂၁ ရက်ကြာ ယာယီအပစ်အခတ် ရပ်စဲထားမည်ဟု ထုတ်ပြန် ပြောဆိုထားသော်လည်း အရပ်သားပြည်သူများရှိရာနေရာကို ဗုံးကြဲမှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ပြောဆိုထားကြသည်။
NMG ပေးပို့သည်။