ရှမ်းမြောက်တိုက်ပွဲများကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုရှိနေပြီး ကုန်ဈေးနှုန်းများမြင့်တက်

0
296
ပုံစာ - ကုန်စျေးနှုန်းမြင့်တက်နေချိန် မူဆယ်ရှိ ပရဟိတအသင်းတစ်သင်းကစျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေပုံ။(Photo- ရွှေဖီမြေ)

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆက်တိုက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လမ်းများပိတ်ကာ တချို့နေရာများတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုရှိနေပြီး ကုန်စျေးနှုန်းပါ မြင့်တက်လာတာကြောင့် ဒေသခံများ အခက်အခဲဖြစ်နေကြသည်ဟု ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့က “၁၀၂၇ စစ်ဆင်ရေး” ကို အောက်တိုဘာလကုန်ပိုင်းက စတင်လိုက်ပြီးနောက် တိုက်ပွဲများ ဆက်ဖြစ်ပွားလာခဲ့ပြီး ယခုကဲ့သို့ အခြေခံ စားသောက်ကုန်စျေးနှုန်းများ မြင့်တက်မှု၊ ပြတ်လပ်မှုများဖြစ်လာသည်ဟု ကွတ်ခိုင်ဒေသခံအမျိုးတစ်ဦးက ပြောသည်။

“တချို့ကျတော့ ဝယ်မရတာတွေ ရှိတယ်ပေါ့။ တချို့ကျတော့လည်း စျေးက တအားတင်တာလေ။ ဆန်တစ်အိတ် ကို ၂ သိန်းကျော် ပြီးကျတော့ ဘိလပ်မြေတစ်အိတ်ကို ၂ သောင်းတဲ့ အစစအရာရာ စျေးတက် ခေါင်ခိုက်နေတာပဲ။ တစ်ရက်လုပ်တစ်ရက်စားတွေ့တော့ ဟိုမှာ ဘယ်လိုပြောရမလဲ ထွက်ဝယ်တာ မဝယ်နိုင်တော့ဘူးလေ။ အကုန်လုံး ခေါင်ခိုက်နေတာပဲ ငိုတောင်ငိုချင်တယ်။ ရှိတဲ့ငါးခြောက်တွေ ပဲလေးတွေ အကုန်မျှပေးလိုက်ပြီ။ စားနပ်ရိက္ခာတွေ အကုန်တက်တယ်။ ဘာပဲဖြစ်ဖြစ် ရှူးရှဲလက်ဖက်ထုပ်တောင်မှ တစ်ထောင်ကျော်သွားပြီ၊ အရင်တုန်းက ၃၀၀” လို့ အဆိုပါအမျိုးသမီးက ပြောသည်။

ဆန်အပြင် အခြားအခြေခံစားသောက်ကုန်များပါ စျေးတက်သည့်အပြင် ပစ္စည်းတချို့မှာ လုံးဝကို ပြတ်သွားသည်ဟု အဆိုပါ ကွတ်ခိုင်ဒေသခံအမျိုးသမီး ဆက်ပြောသည်။ လက်ရှိတွင် ကွတ်ခိုင်မြို့ထဲ စက်သုံးဆီလည်း ပြတ်နေပြီဟု ၎င်းက ပြောဆိုသည်။

ထို့အပြင် တိုက်ပွဲတွေကြောင့် ပြင်ဦးလွင် – မူဆယ်သွား လမ်းမကြီးတလျှောက် လမ်းကြောပိတ်ဆို့မှုများ ရှိနေပြီး ကုန်ပစ္စည်းများ ပို့ဆောင်လို့မရကြောင်း ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

“ကုန်စျေးနှုန်းတွေနဲ့ စျေးကစားပြီး ကမောက်ကမ အရမ်းတက်တာတော့မရှိဘူး။ တက်တာတော့ အကုန်လုံး တက်တာပေါ့၊ ဥပမာ ပစ္စည်းစျေးဆိုလို့ရှိရင်လည်း သူတို့ ကားခပေါင်းလိုက်တယ်။ ယိုဒယားပစ္စည်း တရုတ်ပစ္စည်းဆိုရင် သူတို့က စျေးတင်မရောင်းဘူး။ ရှိတဲ့ဟာကို ကားခလေးဘာတွေတွက်ပြီးတော့ ရောင်းလိုက်တယ်။ မရှိတော့ရင်လည်း ပစ္စည်းပြတ်တာပေါ့ အဲ့လိုပါ” ၎င်းက ဆိုသည်။

သို့သော် ကျောက်မဲတွင် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်လာသော်လည်း ရှိနေသည့် ပစ္စည်းများ၊ နည်းအမျိုးမျိုး ရောက်လာသော ပစ္စည်းများကို စျေးတင်ရောင်းချခြင်းမျိုး မလုပ်ကြကြောင်း အဆိုပါ ကျောက်မဲဒေသခံက ပြောသည်။

“အရမ်းကြီး မြို့ကြီးပြကြီးတွေလိုမျိုး စျေးကို ၂ ဆ ၃ ဆ ခုန်ပစ်လိုက်တာ ကျောက်မဲက အဲ့လိုမျိုးတော့ မရှိဘူးပေါ့နော်။ သင့်တင့်လျောက်ပတ်စွာ တက်တာက တက်တာပေါ့။ တချို့ ဟင်းသီးဟင်းရွက်သည်တွေဆိုလို့ရှိရင် သနားစရာကောင်းတယ်။ သူတို့က အရင်တုန်းက ကုန်စိမ်းက မန္တလေးကနေ နေ့တိုင်းသယ်တဲ့ဟာ အခုက မိုင် ၃၀၀ ကျော် ဒီလိုမျိုးဖြတ်လာရတော့ ဝါကုန်တာလေ။ သူတို့လည်း ဆုံးရူံးမှုတွေများတာပေါ့။ အခုကျတော့ တောင်ပိုင်းလမ်းက ပြန်ပတ်တာ မိုင်က ၃၀၀ ကျော်ဆိုတော့ အရွက်စိမ်းတွေ သူတို့မှာနေကျဟာ ဒီရောက်လာရင် ဝါကုန်ပြီပေါ့” ၎င်းက ပြောပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့ပြီးနောက် စားနပ်ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်နေသည့် မြို့များမှာ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ နမ္မတူ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ သိန္နီ၊ ချင်းရွှေဟော်နှင့် တအာင်း ဒေသများဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့များဖြစ်ပြီး အချို့မြို့များတွင်လည်း စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ဝယ်ယူနေကြရသည်ဟု ဒေသခံများက ပြောသည်။

ယင်းမြို့များတွင် စားနပ်ရိက္ခာ ကုန်စျေးနှုန်းနှင့် စက်သုံးဆီစျေးနှုန်းများ မြင့်တက်နေသည့်အပြင် ရှမ်းမြောက်ရှိ မြို့နယ်တချို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပါ မရရှိတော့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here