ရွှေသောင်ယံအနီးရှိ မကျီးဇင်ကို AA နှင့် ပူးပေါင်းမဟာမိတ်တပ်များသိမ်းပိုက်

0
184

အာရက္ခတပ်တော် (AA) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ပင်လယ်ကမ်းရိုးတန်းအတိုင်း ဧရာဝတီတိုင်းအတွင်းသို့ ထိုးစစ်ဆင်တိုက်ခိုက်နေရာက ဇန်နဝါရီ ၈ ရက်နေ့ ညနေပိုင်းက မကျီးဇင်တိုက်နယ်အဆင့် ကျေးရွာကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု ဒေသအတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

“မကျီးဇင်က ရွာကြီးပါ။ တိုက်နယ်ဆေးရုံလည်း ရှိတယ်။ ဒီညနေ AAက သိမ်းပိုက်လိုက်ပါပြီ။ မကျည်းဇင်တံတားဖြတ်ရင်တော့ ဘောမိပါ။ စကစကလည်း ရွာစဉ်တလျှောက် ခုခံပေမယ့် တစ်ရွာပြီးတစ်ရွာ နောက်ဆုတ်လာရတဲ့ အနေအထားကိုတွေ့နေရပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မကျီးဇင်တံတားကို ကျော်လာလျှင် ဘောမိကိုရောက်ရှိမည်ဖြစ်ပြီး ဘောမိကိုကျော်ပါက ရွှေသောင်ယံမြို့သို့ ရောက်ရှိမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အလားတူ ရွှေသောင်ယံမြို့အပိုင် ကုလားချောင်းတွင်လည်း နှစ်ဖက်တပ်အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု အဆိုပါစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“တိုက်ပွဲက ရွှေသောင်ယံမြို့အနီးက ကုလားချောင်းမှာ မနေ့က တိုက်ပွဲဖြစ်ပါတယ်။ စကစဘက်ကတော့ ကြည်း၊ရေ၊ လေ ပူးပေါင်းပြီး ပစ်ကူပေးပါတယ်။ တိုက်ပွဲက အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် ကုလားချောင်းကိုလည်း AA က သိမ်းသွားပြီ” ဟု ၎င်းက ပြောသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များသည် ကုလားချောင်းကို သိမ်းပိုက်ရရှိသွားပြီးနောက် ပေါက်တူးကွင်း၊ သမ္မာန်ချိုင်၊ မကျီးဇင်တို့ကို ဆက်တိုက်သိမ်းပိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးထိ အာရက္ခတပ်တော် (AA) ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များ ဝင်ရောက်လာပြီး လက်ရှိတွင် ရွှေသောင်ယံမြို့ အစ ကျောက်ချွန်၊ ချောင်း၀ချိုင်၊ အမော်ကြီး၊ ကုလားချောင်း၊ မကျီးဇင်စသည့် ကျေးရွာအများအပြားကို AA က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မကျီးဇင်တံတားအလွန်တွင် ချိုင်လယ်၊ ဘောမိတို့ကို ရောက်ရှိမည်ဖြစ်ပြီး စစ်ကောင်စီက နေရာယူထားသည်ဟုလည်း ဒေသခံတို့ထံက သိရသည်။

အဆိုပါ တိုက်ပွဲသတင်းများနှင့် ပတ်သက်ပြီး အတည်ပြုနိုင်ရန် အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here