ရေးတွင် သတင်းရဲတပ်ဖွဲ့ ရဲအုပ်တစ်ဦး ပစ်သတ်ခံရ

0
314

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက်တွင် သတင်းရဲတပ်ဖွဲ့ (SB) မှ ရဲအုပ်တစ်ဦး စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ပစ်သတ်ခံရကြောင်း မြို့ခံများထံမှ သိရသည်။

ရေးမြို့နယ် သတင်းရဲတပ်ဖွဲ့ တပ်ဖွဲ့စု (၁၁) မှ တာဝန်ခံရဲအုပ် မြင့်လွင်သည် စက်တင်ဘာလ ၁၈ ရက်နေ့က အောင်သုခရပ်ကွက် အတွင်းမှ ကားဖြင့် တစ်ဦးတည်းမောင်းထွက်လာစဉ် ဆိုင်ကယ်စီးလာသည့် အမျိုးသား သေနတ်သမားနှစ်ဦးက သေနတ်အရှည်ဖြင့် ပစ်ခတ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

ရေးမြို့ခံတစ်ဦးက “ဘယ်သူ့လက်ချက်လဲဆိုတာကတော့ မသိသေးဘူး။ ထုတ်ပြန်တာ ဘာညာလဲ မတွေ့သေးဘူး။ လက်ရှိကတော့ စစ်ဆေးမှုတွေတော့ ရှိနေတာပေါ့” ဟု ပြောဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲအုပ်မြင့်လွင်သည် ယာဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

ယင်းသို့ပစ်ခတ်ခံရမှု ဖြစ်ပွားပြီးနောက် ရေးမြို့ပေါ်နှင့် မြို့အဝင်အထွက် နေရာတို့တွင် စစ်ကောင်စီတပ်နှင့် ရဲပူးပေါင်း အဖွဲ့တို့မှ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းသွားလမ်းလာများကိုလည်း စစ်ဆေးမှုပြုလုပ်နေသည်ဟု မြို့ခံတို့က ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း လမိုင်းမြို့တွင် ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်ညီညီဝင်းအား ရေးပြောက်ကျား အဖွဲ့ (YGF) က ပစ်သတ်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်အတွင်း၌လည်း လမိုင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ပစ်သတ်ခံခဲ့ရသည်။

ရေးမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲများ၊ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူး အဖွဲ့များ၊ ပြည်သူ့စစ် အဖွဲ့ဝင်များအား စစ်ကောင်စီသတင်းပေး ဒလန်ဆိုပြီး စွပ်စွဲခံရသူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ ရှိကြောင်း မြို့ခံများထံမှ သိရသည်။

IMNA

LEAVE A REPLY

Please enter your comment!
Please enter your name here