29 ဇွန် 2025 /

See today's Peace Related News

Homeသတင်းရေမျက်ကြီးအင်းတဝိုက် စစ်ကောင်စီ စစ်ကြောင်းထိုးနေတာကြောင့် စစ်ရေးတင်းမာနေ

ရေမျက်ကြီးအင်းတဝိုက် စစ်ကောင်စီ စစ်ကြောင်းထိုးနေတာကြောင့် စစ်ရေးတင်းမာနေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ရေမျက်ကြီးအင်းတဝိုက်တွင် ယခုရက်သတ္တအပတ်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် ဒေသကာကွယ်ရေးတပ်တို့နှင့် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ဧပြီ ၂၈ ရက်နေ့တွင် ရေမျက်ကြီးအင်းအနီးရှိ စာရေးကျေးရွာအတွင်းကို ဝင်ရောက်အထိုင်ချထားပြီး စစ်ကြောင်းများ ဆက်ထိုးနေသည်ဟု ဒေသခံတစ်ဦး ပြောဆိုသည်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေသည့်အပြင် ရေမျက်အင်းအနီးတဝိုက်က ကျေးရွာများဖြစ်သည့် ပဒူ၊ ခက်ခ စသည့် ကျေးရွာများကိုလည်း စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

ယင်းအပြင် ဒေသကာကွယ်ရေးတပ်က ပဲကတိုးကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းတို့ကို ဧပြီ ၂၉ ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“တိုက်ပွဲက မနေ့ (ဧပြီ ၂၉ ရက်) ကတော့ ပဲကတိုးရွာမှာ ဖြစ်တယ်လို့ပြောတယ်။ အဲ့နားတဝိုက်ကတော့ တိုက်ပွဲတွေက ခဏခဏ ဖြစ်နေတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

စစ်ကိုင်းမြို့နယ် မြောက်ဘက်ပိုင်းက ကျေးရွာများတွင် စစ်ရေးအခြေအနေတင်းမာနေပြီး လမ်းပန်းဆက်သွယ်ရေးလည်း သွားလာရခက်သည့် အခြေအနေဖြစ်နေသည်ဟု ဒေသခံတို့က ပြောဆိုကြသည်။

ရေမျက်ကြီးအင်းတဝိုက်နေရာသည် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြီး၏ ငလျင်ဗဟိုချက်မနေရာများဖြစ်ပြီး ထိခိုက်ပျက်စီးမှုတချို့ ရှိထားသည့်ကျေးရွာများ ဖြစ်သည်။

ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ စစ်ကောင်စီတပ်က ယာယီအပစ်အခတ် ရပ်စဲထားကြမည်ဟု ပြောဆိုကြသော်လည်း နှစ်ဖက်တပ်ကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ရှမ်းနီအသံ ပေးပို့သည်။