ရေဖြူမြို့နယ် သာယာဝတီကျေးရွာအနီး တိုက်ပွဲဖြစ်၊ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရ

0
248

တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ အလယ်စခန်းရွာနှင့် လော့သိုင်းရွာ အရှေ့ဘက်ခြမ်းရှိ သာယာဝတီကျေးရွာအနီးတွင် မေလ ၃၁ ရက် ညနေပိုင်းအချိန်ကစပြီး စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ တင်ဆောင်လာသည့် စစ်ကား ၁၂ စီးခန့်သည် ယမန်နေ့က လော့သိုင်းရွာနှင့် ရာဖူးရွာကြားကနေ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် KNLA ပူးပေါင်းတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မနေ့က ညနေပိုင်း ၆ နာရီခွဲလောက်ကနေ ည ၉ နာရီခွဲအထိတစ်ကြိမ်၊ နောက် ဒီနေ့မနက်ပိုင်း ၁၀ နာရီခွဲလောက်မှာ တစ်ကြိမ် တိုက်ပွဲဖြစ်ကြတယ်၊ နှစ်ဖက်ထိခိုက်ကျရှုံးမှုအခြေအနေကိုတော့ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ နှစ်ဘက်တိုက်ပွဲဖြစ်ပွားမှုကြောင့် မရော့ချိုင်၊ လှည်းဂိတ်၊ သဲချောင်း၊ သာယာဝတီ စသည့်ကျေးရွာများမှ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးနှင့် ကလေးသူငယ်များ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

“ဒီနေ့ညနေပိုင်းအထိတော့ လက်နက်သံတွေ မကြားရတော့ဘူး။ ဒါပေမယ့် မနေ့က ဝင်သွားတဲ့ စစ်ကြောင်းကားတွေ ပြန်လှည့်လာတာ မတွေ့ရသေးဘူး၊ ဒါကြောင့် တိုက်ပွဲက မပြီးလောက်ဘူး၊ ဆက်ဖြစ်ဦးမယ့်အနေအထားမှာရှိတယ်” ဟု အလယ်စခန်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာ အရှေ့ဘက်ခြမ်းဒေသည် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အခြေစိုက်ဒေသဖြစ်သလို ကရင်လက်နက်ကိုင်တပ်ဖွဲ့များလည်း အခြေစိုက်ဒေသဖြစ်သည်။

IMNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here