ရေဖြူမြို့နယ်ရှိကျေးရွာများအတွင်း စစ်ကောင်စီတပ် ဝင်ရောက်လှုပ်ရှားနေပြီး နေအိမ်များကို ချိတ်ပိတ်သိမ်းယူနေ

0
150
ပုံစာ - စစ်ဘေးရှောင် ကျေးရွာသားတချို့။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ ရာဖူးရွာသစ်၊ ရာဖူးကျေးရွာနှင့် သာယာမွန်ကျေးရွာတို့တွင် စစ်ကောင်စီတပ်က ဇွန်လ ၁၃ ရက်နေ့အထိ ဝင်ရောက်လှုပ်ရှားလျှက်ရှိပြီး ဒေသခံနေအိမ်များကို ချိတ်ပိတ်သိမ်းယူနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့မှစ၍ စစ်ကောင်စီတပ်သည် အဆိုပါကျေးရွာများအတွင်း စတင်ဝင်ရောက်လှုပ်ရှားခဲ့ပြီးနောက် ဇွန်လ ၉ ရက်နေ့တွင် ရပ်ကွက်အတွင်းရှိ နေအိမ်များကြား စခန်းချနေထိုင်နေသည်ဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

ယင်းအပြင် ရာဖူးကျေးရွာအတွင်းရှိ နေအိမ် ၂ အိမ်ကို တော်လှန်ရေးတပ်ဖွဲ့နှင့် ဆက်စပ်မှု ရှိနေသည်ဟုဆို၍ ချိတ်ပိတ်လိုက်ပြီးနောက် အဆိုပါနေအိမ်အတွင်း ဝင်ရောက်နေထိုင်နေသည်ဟု ရေဖြူဒေသခံတစ်ဦးက ပြောဆိုသည်။

“စစ်ကောင်တပ်သားတို့က အဲ့ဒီရွာတွေကြားမှာ အဝင်အထွက်လုပ်နေတာ။ အုပ်စုတွေခွဲပြီး နေအိမ်တွေကြားမှာ နေနေကြတာ။ ရာဖူးက အိမ် ၂ လုံး ကိုလည်း ချိတ်ပိတ်သိမ်းလိုက်တယ်။ အဲ့အိမ်တန်ဖိုးကလည်း မနည်းဘူး၊ အိမ်ထဲက ပစ္စည်းတွေလည်း ကားနဲ့အကုန်သယ်သွားပြီး သူတို့ဝင်နေနေကြတာ” ဟု အဆိုပါရေဖြူဒေသခံက ပြောသည်။

ယင်းအပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကို အားပေးအားမြှောက်ပြုခြင်း၊ ထောက်ပံ့ခြင်း၊ အကူအညီပေးခြင်း တို့ ပြုလုပ်မည်ဆိုလျှင် အရေးယူဖမ်းဆီးမည်ဟုလည်း စစ်ကောင်စီတပ်က ဒေသခံတို့ကို ခြိမ်းခြောက်နေသည် ဟုလည်း ၎င်းက ဆက်ပြောပြသည်။

“စစ်တပ်ကနေပြီးတော့ စစ်ရှောင်နေတဲ့လူတွေကို ပြန်လာဖို့ ခေါ်တယ်။ မပြန်လာရင် အိမ်တွေကိုသိမ်းမယ်၊ မီးရှို့မယ် ခြိမ်းခြောက်တာပေါ့လေ။ တချို့ကတော့ ပြန်ကြတယ်။ တချို့ကြတော့ မပြန်ရဲကြဘူး။ တော်လှန်ရေး တပ်ဖွဲ့တွေ ရွာမှာရှိတုန်းက အကူအညီပေးထားကြတော့ အဖမ်းခံရမှာလည်း ကြောက်တာပေါ့လေ” ဟု ရေဖြူဒေသခံက ပြောသည်။

ရာဖူးရွာသစ်၊ ရာဖူးကျေးရွာ၊ သာယာမွန် အတွင်း စစ်ကောင်စီတပ်က စခန်းချနေ ထိုင်နေသည့်အပြင် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က စစ်ကောင်စီ မောရဝတီရေတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ ယနေ့ထိ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီ မောရဝတီရေတပ်မှ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရာဖူးရွာသစ်မှ အသက် ၄၀ ဝန်းကျင် ဇနီးမောင်နှံ ၂ ဦး၊ လသာအရွယ်ကလေးငယ် ၁ ဦးနှင့် အသက် ၁၀ နှစ် ဝန်းကျင် ကလေး ၁ ဦး သေဆုံးသွားခဲ့ရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here