တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်တစ်ထောင်နီးပါး အရေးပေါ်အကူအညီလိုအပ်နေကြောင်း စစ်ရှောင်အရေး ကူညီနေသူများက ပြောဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၂၀ ရက်နေ့ကစတင်၍ ရေဖြူမြို့နယ် မင်းသားကျေးရွာတွင် အင်အားဖြည့်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာက နှစ်ဖက်တပ်ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
အဆိုပါတိုက်ပွဲများကြောင့် မင်းသား၊ စိန်ဘုံ၊ ဘုရားသုံးဆူ၊ ဆင်စွယ်၊ ရေငံကြီး၊ ကျောက်တလုံး ကျေးရွာတို့မှ ဒေသခံတစ်ထောင်နီးပါးသည် ဘေးလွတ်ရာနေရာများနှင့် နီးစပ်ရာကျေးရွာတို့ကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဒေသခံစစ်ဘေးရှောင် ပြည်သူများမှာ စစ်ရှောင်နေရချိန် နှစ်ပတ်နီးပါးကြာမြင့်လာပြီး တိုက်ပွဲများကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ဝယ်ယူရန် သွားလာလို့မရတာကြောင့် အရေးပေါ်အကူအညီ လိုအပ်နေကြကြောင်း သိရသည်။
အရေးပေါ်အကူအညီ လိုအပ်နေသည့် စစ်ရှောင်ပြည်သူများအား အဆင်ပြေနိုင်သည့်လမ်းကြောင်းကနေ ကူညီထောက်ပံ့မှုတချို့ လုပ်ဆောင်ပေးနေသော်လည်း ရေရှည်တွင် ရိက္ခာပြတ်လပ်လာနိုင်သည်ဟု စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။
ရေဖြူတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် မတ်လအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား နှစ်ဖက်တိုက်ပွဲအပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားခုနှစ်သောင်းနီးပါး စစ်ရှောင်ခဲ့ရသည်ဟု ဒေသတွင်း သုတေသနအဖွဲ့ဖြစ်သည့် FE5 Thanintharyi အစီခံစာအရ သိရှိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။