ရခိုင်သို့ ထပ်မံရောက်ရှိလာသော စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မုန်တိုင်းတိုက်ပြီး နှစ်လခန့်အတွင်း ရခိုင်အခြေအနေ တိုးတက်မှုရှိဟု ပြောဆို

0
357
ပုံစာ - စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်ကိုထပ်မံလာရောက်ခဲ့

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင်လ ၁ဝ ရက်က ရခိုင်သို့ ထပ်မံ ရောက်ရှိလာပြီး မုန်တိုင်းတိုက်ပြီး နှစ်လခန့်အတွင်း ရခိုင်အခြေအနေ တိုးတက်မှု ရှိသည်ဟု ပြောဆိုခဲ့သည်။

၎င်းပြောဆိုချက်မှာ မြေပြင်အခြေအနေနှင့် များစွာကွဲလွဲနေဟု ရခိုင်ပြည်သူများ ဝေဖန်လျက် ရှိသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘာဝဘေးဒဏ် ကျရောက်ခဲ့ပြီး နှစ်လခန့် အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်ကို ယခု ထပ်မံရောက်ရှိချိန်တွင် တွေ့ရှိရကြောင်း စစ်တွေမြို့တွင် ပြောဆို သွားသည်။

သူ၏ပြောဆိုမှုမှာ မြေပြင်အခြေအနေနှင့် များစွာကွဲလွဲမှုရှိနေကြောင်း ရခိုင်နိုင်ငံရေးသမား မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။

“ပြန်လည်ထူထောင်ရေးဆိုတာကတော့ အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ဒါက သူတို့ဘဝတွေ နိမ့်ကျနေရာက မုန်တိုင်းဒဏ်သင့်နေရာက ပြန်ပြီးထူထောင်ပေးဖို့ပေါ့နော်။ အဲ့ဒီလုပ်ငန်းစဉ်က အခုထိ မလုပ်ရသေးဘူးလို့ ယူဆပါတယ်။ သူပြောနေတာက ပြန်လည်နေရာချထားရေး အပိုင်းမှာတောင် သူတို့အနေနဲ့ ပြည့်ပြည့်ဝဝ မလုပ်နိုင်ခဲ့ဘူး။ နိုင်ငံတကာ အကူအညီတွေလည်း ပိတ်ပင်ထားတဲ့အတွက် ပြန်လည် နေရာချထားရေးဆိုတာ အဝေးကြီး ရှိပါသေးတယ်။ အခု ရခိုင်မှာ ကုန်စျေးနှုန်းတွေ အဆမတန် တက်နေတာကိုတောင်မှ ကုန်စျေးနှုန်းကျအောင် မလုပ်နိုင်ဘူးပေါ့နော်။ ဒါတွေဟာ ပြန်လည်ထူထောင်ရေးနဲ့ အများကြီး သက်ဆိုင်ပါတယ်” ဟု ပြောသည်။

ယင်းအပြင် စစ်ကောင်စီက မုန်တိုင်းသင့်ပြည်သူများအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဝင်ရောက် ကူညီထောက်ပံ့ခွင့်များကိုလည်း ကန့်သတ်ပိတ်ပင်ထားမှုမှာ မဖြစ်သင့်ဘဲ အမြန်ဆုံး လွတ်လပ်စွာ သွားရောက် ကူညီထောက်ပံ့ခွင့်များကို ပေးသင့်ကြောင်းလည်း ဦးဖေသန်းက အခုလို ဆက်ပြောသည်။

“ပထမအဆင့်ကတော့ ကယ်ဆယ်ရေးလုပ်ငန်းကို ပြီးပြတ်အောင်လုပ်ဖို့ဆိုရင် နိုင်ငံတကာ အကူအညီ အဖွဲ့တွေကို လွတ်လွတ်လပ်လပ် ဖွင့်ပေးဖို့ လိုပါတယ်။ ပြီးမှ ပြန်လည်နေရာ ချထားရေးပေါ့နော်။ သူ့နေရာနဲ့သူ ရောက်ရှိသွားအောင်၊ လုံလုံခြုံခြုံ နဂိုအခြေနေအတိုင်း ဖြစ်သွားအောင်လုပ်ဖို့ လိုပါတယ်။ နောက်မှ ပြန်လည်ထူထောင်ရေးကို လုပ်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက ဖြန့်ဖြူးပေးသည့် စားနပ်ရိက္ခာများနှင့် လူ့အသုံးအဆောင် ပစ္စည်းများကိုလည်း ယခုအထိ မရရှိသေးသည့် မုန်တိုင်းသင့်ပြည်သူ အများအပြား ကျန်နေသေးသည်ဟု ကိုယ်တိုင်သွားရောက် ကူညီထောက်ပံ့နေသူများနှင့် မုန်တိုင်းသင့်ပြည်သူများက ပြောသည်။

စစ်ကောင်စီက ဖြန့်ဖြူးပေးသည့် စားနပ်ရိက္ခာများနှင့် လူ့အသုံးအဆောင်ပစ္စည်းများတွင် အရည်အသွေး ညံ့ဖျင်းသည့် သွပ်ချပ်များ၊ စား၍မရသည့် ဆန်များ၊ တာပေါ်လင်စ အပိုင်းအစများ၊ စားဆီ အနည်းငယ် နှင့် ခေါက်ဆွဲခြောက် အနည်းငယ် တို့ကိုသာ မစို့မပို့ ရရှိကြခြင်းဖြစ်ပြီး ၄င်းတို့ဘဝ ပြန်လည် ထူထောင်ရေးအတွက် လုံးဝ အဆင်မပြေကြဟုလည်း ကာယကံရှင် မုန်တိုင်းသင့်ပြည်သူများက ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ကောင်စီဝန်ကြီးတချို့နှင့်အတူ ဇူလိုင် ၁၀ ရက်နေ့က စစ်တွေသို့ ရောက်ရှိပြီးနောက် မိုခါမုန်တိုင်းတိုက်ခတ်အပြီး စစ်တွေမြို့အခြေအနေအပါအဝင် ရသေ့တောင်နှင့် ဘူးသီးတောင်မြို့များ၏ အခြေအနေများကိုလည်း သွားရောက် စစ်ဆေး ကြည့်ရှုခဲ့သည်။

မူလအခြေအနေထက် ပိုမိုကောင်းမွန်သည့် စစ်တွေမြို့အဖြစ် ပြန်လည်ဆောင်ရွက် ပေးနိုင်ရန်နှင့် ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရေး ယခုကဲ့သို့ ထပ်မံလာရောက် ကြည့်ရှုစစ်ဆေးခြင်း ဖြစ်ကြောင်းလည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောဆိုသွားခဲ့သည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အပစ်အခတ် ရပ်စဲပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရခိုင်သို့ လာရောက်ခဲ့သည်မှာ ယခုအကြိမ်နှင့် ဆိုလျှင် ၄ ကြိမ် တိတိ ရှိပြီ ဖြစ်သည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here