ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများ မိုးအဆက်မပြတ်ရွာသွန်းလို့ ရေနစ်မြုပ်

0
306
ပုံစာ - ရခိုင်ပြည် ကျောက်တော်မြို့ ညောင်ချောင်းစစ်ဘေးရှောင်စခန်း ရေနစ်မြုပ်နေစဉ်။

ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် စစ်ဘေးရှောင်စခန်းအများအပြား ရေနစ်မြုပ်နေပြီး စစ်ဘေးရှောင်များ ဒုက္ခရောက်နေကြောင်း သိရသည်။

ရခိုင်တွင် ဇွန်လ ၂၁ ရက်မှစတင်ပြီး ဇွန်လ ၂၅ ရက်အထိ မိုးအဆက်မပြတ် ရွာသွန်းနေလို့ ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင်းသို့ ရေများဝင်ရောက်လာပြီး နေရေးထိုင်ရေး ခက်ခဲလျက်ရှိသည်ဟု စခန်းနေသူများက ပြောသည်။

စခန်းတွင်နေထိုင်သူ ဦးသိန်းထွန်းလှက “ဘယ်လောက်ထိ ဆိုးဝါးနေလဲဆိုတော့ တံတားတွေတောင် မြုပ်သွားပြီ။ အိမ်တွေတော့ ရေစဝင်နေပြီ။ ရေတွေမြုပ်နေတော့ ခြင်ကလည်း ကိုက်၊ အိမ်သာတွေလည်း အားလုံး မြုပ်နေတော့ အိမ်သာတွေလည်း တက်ဖို့မရလိုက်တော့ဘူး” ဟု ပြောသည်။

မိုး ဆက်လက် ရွာသွန်းနိုင်ခြေရှိနေပြီး ယခုထက် ပိုရေတက်လာပါက ရွာထဲရှိ ကုန်းမြင့်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းရန် အခြေအနေ စောင့်ကြည့်နေကြရသည်ဟု စခန်းတွင်းနေသူများက ပြောသည်။

ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ ၅ဝဝ ကျော် နေထိုင်လျက်ရှိသည်ဟု စခန်းတာဝန်ရှိသူက ပြောသည်။

အလားတူ မြောက်ဦးမြို့နယ်၊ တိန်ညို စစ်ဘေးရှောင်စခန်းတွင်လည်း မိုးဆက်တိုက် ရွာသွန်းနေတာကြောင့် ရမ်းချောင်းမှ ချောင်းရေများ ဝင်ရောက်လျက်ရှိပြီဟု စခန်းတာဝန်ခံ ဦးဦးစိုးနိုင်က ပြောသည်။

“ချောင်းရေ တိုးလာရင်တော့ ဝင်တယ်။ တချို့ အနိမ့်ပိုင်းအိမ်တွေအထိတောင် ရေရောက်တယ်” ဟု ပြောသည်။

အဆိုပါစခန်းတွင် လူဦးရေ ၂၈ဝဝ ကျော်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများသည် ပြီးခဲ့သည့် မေလ ၁၄ ရက်က တိုက်ခတ်သွားခဲ့သည့် မိုခါမုန်တိုင်းဒဏ် အကြီးအကျယ် ခံခဲ့ရသည်။

မုန်တိုင်းကြောင့် ပြိုလဲပျက်စီးသွားသည့် စစ်ဘေးရှောင်စခန်းများရှိ နေအိမ်အဆောင်များကို ပြန်လည်ပြုပြင်ရန်ပင် အခက်တွေ့နေရချိန် ယခုကဲ့သို့ ရေလွှမ်းမိုးမှုဒဏ်ပါ ဆက်လက် ကြုံတွေ့နေရ၍ စစ်ဘေးရှောင်များ နေရေးထိုင်ရေး အလွန်တရာ အခက်အခဲဖြစ်နေကြသည်ဟု ပြောဆိုကြသည်။

ရခိုင်တွင် စစ်ဘေးရှောင်ဦးရေ ၇ သောင်းခန့်ရှိနေသည်ဟု ရခိုင်ပြည်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းစာရင်းများအရ သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ရပ်ရွာအနီးနှင့် တောတောင်များတွင် မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများကို စစ်ကောင်စီက ရှင်းလင်းမပေးသေး၍ နေရပ်မပြန်နိုင်သေးကြကြောင်း အဆိုပါစစ်ဘေးရှောင်များက ပြောသည်။

လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအား အသင့်အတင့်မှ အားကောင်းနေပြီး နောက် ၂ ရက်အထိ ဆက်ရှိနေဦးမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယင်းသို့ မုတ်သုံလေအားကောင်းနေ၍ ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်တချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးဇလထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here