ရခိုင်တကျော့ပြန်တိုက်ပွဲ နှစ်လတာအတွင်း ဒေသခံ ၃ သိန်းကျော် ဘေးလွတ်ရာသို့စစ်ဘေးရှောင်ထွက်ပြေးနေရ

0
265
ပုံစာ - တကျော့ပြန်ရခိုင်စစ်ပွဲအတွင်း ချင်းပြည်နယ်၊ပလက်ဝဒေသမှ နေရပ်စွန့်ခွာထွက်ပြေးနေရသူများ။ (Photo - Chin World)

ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တတိယအကြိမ် တကျော့ပြန်တိုက်ပွဲကာလ နှစ်လတာတွင် သံတွဲ၊ မာန်အောင်၊ ဂွ မှလွဲ၍ တခြားမြို့နယ်များမှ ဒေသခံ ၃ သိန်းကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းနေရကြောင်း စစ်ဘေးရှောင်အရေးကူညီပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းတစ်ခုထံမှ သိရသည်။

“နီးစပ်ရာဆွေမျိုး၊ ကျေးရွာတွေမှာ ခိုလှုံနေကြတယ်။ ပြီးတော့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာလည်း နေကြရတယ်ပေါ့။ အခုဆိုရင် တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့တွေတိုးလာတော့ စစ်ဘေးရှောင်တွေ ထပ်တိုးလာတယ်။ စစ်ဘေးရှောင် တိုးလာတာနဲ့အမျှ စားဝတ်နေရေး အကျပ်အတည်းက ပိုရှိနေတယ်” ဟု စစ်ဘေးရှောင်အရေး ထဲထဲဝင်ဝင်ကူညီပေးနေသော အဆိုပါအရပ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ဖြစ်ပွားလာသည့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တကျော့ပြန်တိုက်ပွဲသည် ဇန်နဝါရီ ၁၃ ရက်နေ့တွင် နှစ်လတိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ရခိုင်ပြည်ရှိ အဆိုပါမြို့နယ်များတွင် တိုက်ပွဲနှစ်လအတွင်း စစ်ဘေးရှောင်ဦးရေ ၃ သိန်းခန့် တိုးလာနေပြီး ယခင်စစ်ရေးကာလက ရခိုင်နှင့်ပလက်ဝမြို့နယ်မှ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များနှင့်ပါ ပေါင်းလျှင် စစ်ဘေးရှောင်စုစုပေါင်း ၃၆၀,၀၀၀ နီးပါးထိ ရှိနေသည်ဟု ထိုအရပ်ဖက်အဖွဲ့အစည်း၏ စာရင်းအရ သိရသည်။

တိုက်ပွဲကာလ ကုန်းလမ်း၊ ရေလမ်း သွားလာခွင့်ကိုလည်း စစ်ကောင်စီက ကန့်သတ်ထား၍ နိုင်ငံတကာနှင့် အရပ်ဖက်အဖွဲ့အစည်းများ အနေဖြင့် စစ်ဘေးရှောင်များအား အကူအညီများပေးရန် အခက်အခဲ ရှိနေကြသည်။

ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ကိုယ့်အိုးအိမ်ကို စွန့်ခွာပြီးတော့ အစားဆင်းရဲ၊ အနေဆင်းရဲနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ အနွေးထည်တွေလည်း သူများဆီက တောင်းဝတ်နေရတယ်။ ငွေပိုကုန်မှာစိုးလို့ ငရုပ်သီးနဲ့ ချက်စားရမယ့်ဟင်းကို ငရုပ်သီးမပါဘဲ ချက်စားနေရတယ်” ဟု ပြောသည်။

လက်ရှိ၌ စစ်ဘေးရှောင်များမှာ ဆေးဝါးပြတ်လပ်ခြင်း၊ အချိန်မီ ဆေးကုသခွင့်မရခြင်းနှင့် ငွေကြေးအခက်အခဲ တို့ကြောင့် အသက်သေဆုံးမှုများထိ ရှိနေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့က ရသေ့တောင်မြို့နယ်၊ င/တောက်တူချေကျေးရွာမှ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးမှာ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ၎င်းစစ်ဘေးရှောင်နေသည့် ကျေးရွာတွင် မီးဖွားချိန် မိခင်နှင့်ကလေးပါ သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၁၄ ရက်ကလည်း ပေါက်တောမြို့မှ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးမှာ ကျေးရွာတစ်ရွာ၌ စစ်ဘေးရှောင်နေချိန် ဝမ်းချုပ်၊ ဖျားနာဖြစ်ပြီး အချိန်မီ ဆေးကုသမှုမရရှိ၍ သေဆုံးသွားခဲ့သည်။

ယင်းအခြေအနေများကြောင့် စစ်ကောင်စီအနေဖြင့် လူသားချင်းစာနာမှုကို အခြေခံ၍ လမ်းခရီးသွားလာခွင့် ပေးသင့်ကြောင်း ရခိုင်ဒေသခံများက ပြောသည်။

ကျောက်တော်မြို့မှ လူမှုရေးသမားတစ်ဦးက “ကျနော်တို့ဘက်မှာ ကူညီကယ်ဆယ်ရေးဆိုလို့ လုံးဝမရှိဘူး။ စစ်ကောင်စီရဲ့ လူကယ်ပြန်ကလည်း လုံးဝ အလုပ်မလုပ်သလို လုပ်မယ့်အဖွဲ့အစည်းကိုလည်း အာဏာပိုင်တွေက လမ်းခရီးပိတ်ဆို့ထားတာ” ဟု ပြောသည်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြပြီး၊ AA နှင့် စစ်ကောင်စီတို့ စစ်ပွဲဧရိယာမှာလည်း တဖြည်းဖြည်းကျယ်ပြန့်လာကာ စစ်ဘေးရှောင် ဦးရေမှာလည်း တစ်နေ့ထက်တစ်နေ့ တိုးလာနေကြောင်း သိရသည်။

အောင်ထိန် DMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here