မြိတ်တွင် ညစောင့်အရပ်သားတစ်ဦးကို ပျူစောထီးအဖွဲ့က အကြောင်းမဲ့ပစ်သတ်

0
300
ပုံစာ- မြိတ်တွင်အရပ်သားတစ်ဦးကို ပျူအဖွဲ့ကအကြောင်းမဲ့ပစ်သတ်။(Photo-CJ)

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ အမှတ်- ၁ ဆိပ်ခံတံတားတွင် အောက်တိုဘာ ၅ ရက်နေ့ ည ၁၂ နာရီ အချိန်ခန့်က တံတားညစောင့် အရပ်သားအမျိုးသားတစ်ဦးကို ပျူစောထီးအဖွဲ့က အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်သူ့စစ်အဖွဲ့ (ဒေသအခေါ်) ပျုစောထီး ဦးထွန်းထွန်းစိုးနှင့်အဖွဲ့သည် အရက်သောက်စားပြီး ဆိပ်ခံတံတားသို့ ရောက်ရှိလာစဉ် အသက် ၄၀ အရွယ် ညစောင့်ဖြစ်သူ ဦးဝတုတ်ကို အကြောင်းမဲ့သေနတ်နှင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။

သေနတ်နှင့် ပစ်ခတ်ခံရတာကြောင့် ဦးဝတုတ်၏ ရင်ဘတ်နှင့်ဝမ်းဗိုက်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိပြီး အခင်းဖြစ်ရာနေရာမှာတင် သေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

သေဆုံးသွားသည့် ညစောင့်ဖြစ်သူ ဦးဝတုတ်သည် မည်သူနှင့်မျှ ရန်ငြိုးရန်စ ရှိသူမဟုတ်သလို ၎င်းတွင် ဇနီးဖြစ်သူနှင့် အရွယ်မရောက်သေးသော ကလေးငယ် ၃ ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ဦးဝတုတ်ကို ပစ်သတ်သွားသည့် ပျူစောထီး ဦးထွန်းထွန်းစိုးတို့အဖွဲ့ကို အောက်တိုဘာ ၆ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်က တလိုင်းစုရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

မြိတ်မြို့တွင် ပျူစောထီးအဖွဲ့က လက်နက်ကိုင်ပြီး ပြည်သူတစ်ဦးအပေါ် အကြောင်းမဲ့ပစ်သတ်ခဲ့သည့် ယခုဖြစ်စဉ်သည် ပထမဆုံးအကြိမ် ဖြစ်ခြင်းကြောင့် ဒီလိုဖြစ်စဉ်မျိုး ထပ်ဖြစ်မှာကို ဒေသခံများက စိုးရိမ်နေကြသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here