ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် မော်တောင်းကောင်းဝိုက်ရွာအနားတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကားသမား ၁ ဦး သေဆုံးခဲ့ပြီး ဘုန်းကြီး ၁ ပါး အပါအဝင် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မော်တောင်းကောင်းဝိုက်ရွာအနားမှာ ဩဂုတ်လ ၂ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် အဖွဲ့အစည်းများကြား တိုက်ပွဲအတွင်း ကားသမား ၁ ဦး ထိမှန်သေဆုံးခဲ့သည်ဟု မူဆယ်မြို့ မြင့်မြတ်ပါရမီ အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျနော်တောင် အခု ၁၀၅ မိုင် ကို သွားမလို့ တစ်ယောက်က အပစ်ခံထားရတာ မနေ့ညကတည်းက အဲဒါ အခုက လူနာရှင်တွေက အကူအညီတောင်းလာလို့ အဲဒါလေး သွားခေါ်မလို့၊ အခု မော်တောင်းကောင်းဝိုက်နားမှာ အပစ်ခံထားရတဲ့ ကားသမားပေါ့။ အဲဒါလေး သွားကူညီမလို့ အဲဒါလူနာရှင်က အကူအညီတောင်းလာလို့ အခု သွားနေတယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
ယင်းသို့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် အဖွဲ့အစည်းများကိုမူ မသိရသေးကြောင်း ဒေသခံများက ပြောသည်။
အလားတူ မူဆယ်နှင့် ၁၀၅ မိုင်အကြားရှိ တုန်ခန်ကျေးရွာအနီးတွင် ဩဂုတ်လ ၂ ရက်နေ့ မနက် ၉ နာရီခန့်က စစ်ကောင်စီနှင့် တအာင်းလွတ်မြောက်ရေး တပ်မတော် (PSLF/ TNLA) တပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လမ်းပေါ်တွင် သွားလာနေသည့် အသက် ၁၄ နှစ် အရွယ် ကလေးငယ် ၂ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့သည် ဟု ဒေသခံများက ပြောဆိုသည်။
အဆိုပါတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ကလေးငယ် ၂ ဦးကို ဩဂုတ်လ ၂ ရက်နေ့က မြင့်မြတ်ပါရမီ အသင်းမှ မူဆယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အခြေအနေ မစိုးရိမ်ရသည့်အတွက် ဆေးရုံက အိမ်ပြန်ခွင့် ပြုခဲ့သည်ဟု အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
သို့သော် ထိမှန်ဒဏ်ရာ ရရှိသည့်နေရာတွင် သွေးထွက်လာသည့်အတွက် ဩဂုတ်လ ၃ ရက်နေ့တွင် လူနာရှင်များ ဘက်က အကူအညီတောင်းလာသောကြောင့် မူဆယ်ဆေးရုံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု အဆိုပါ တာဝန်ရှိသူက ပြောဆိုသည်။
ယင်းသို့ပစ်ခတ်မှုများအတွင်း ဘုန်းကြီး ၁ ပါးလည်း ထိမှန်ဒဏ်ရာ ရရှိခဲ့သည်ဟု မြင့်မြတ်ပါရမီအသင်း တာဝန်ရှိသူက ဆက်ပြောသည်။
“ဘုန်းကြီးတစ်ပါးက ကျတော့ သူတို့ဘုန်းကြီးကားနဲ့လာပြီးတော့ ဟိုဟာဖြစ်သွားတာ သိပ်တော့အများကြီးတော့ မထိပါဘူး။ ဒါပေမယ့် ဗုံးစ ထိတာပေါ။ တုန်ခါရွာက မဟုတ်ဘူးထင်တယ်။ ကျနော်အဲဒါလေးတော့ မမေးမိ လိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သေနတ်တွေကလည်း တောက်လျှောက်ပစ်နေတာ တိုက်ပွဲတွေကလည်း တောက်လျှောက် ဖြစ်နေတာဆိုတော့ အမြန်ကောက်ခဲ့ရတာ” ဟု အသင်းတာဝန်ရှိသူက ပြောပါသည်။
ကျည်ဆံထိမှန်ခဲ့သည့် ဘုန်းကြီးသည် ခိုမုန်းကျေးရွာက ဘုန်းကြီးဖြစ်ပြီး မူဆယ်တွင် ဝါဆိုသင်္ကန်ကပ်ပြီး အပြန်လမ်းတွင် ကျည်ထိမှန်ခဲ့ခြင်းဖြစ်ပြီး၊ ပြင်ဦးလွင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု သွားရောက် ကူညီပေးခဲ့သည့် မူဆယ်မြို့ မေတ္တာပန်းခင်း ပရဟိတလူငယ်အဖွဲ့က ပြောဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇူလိုင်လ ဒုတိယ အပတ်ကစတင်ပြီး ယနေ့အချိန်အထိ စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ အကြား တိုက်ပွဲပြင်းထန်စွာ ဆက်တိုက် ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲများကြောင့် ဒေသခံပြည်သူများမှာ တိမ်းရှောင်ထွက်ပြေး နေရသည့်အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့်လည်း ဒေသခံများ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။
NMG ပေးပို့သည်။