မူကြိုကျောင်းပိုင်ရှင် ဇနီးမောင်နှံနှစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

0
349
ပုံစာ - စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့် မူကြိုကျောင်းပိုင်ရှင် ဇနီးမောင်နှံနှစ်ဦး

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် ဖွင့်လှစ်ထားသည့် ရင်ခွင်သစ် (ECCD) မူကြိုကျောင်းပိုင်ရှင် ဇနီးမောင်နှံနှစ်ဦးကို ဇွန်လ ၁၉ ရက် ညပိုင်းက စစ်ကောင်စီက နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ကံပေါက်ဒေသ၊ သီရိမင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် မူကြိုကျောင်းပိုင်ရှင် အသက် ၄၀ အရွယ် ကိုအောင်ဇော်ဦး နှင့်မဥမ္မာအောင် ဇနီးမောင်နှံနှစ်ဦးကို စစ်ကောင်စီ၏ မောရဝတီရေတပ်က ကား ၃ စီးဖြင့် ဇွန်လ ၁၉ ရက် ည ၁၁ နာရီခန့်က နေအိမ်တွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု အဆိုပါ ရပ်ကွက်တွင်းနေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

“ညက ကားသံတွေ ထူးထူးခြားခြား ကြားရလို့ အမှောင်ထဲကနေ အသာချောင်းကြည့်လိုက်တာ၊ အိမ်ကို အရင်ဝိုင်း လိုက်တယ်၊ တစ်နာရီလောက် အိမ်ထဲမှာ ရှာဖွေစစ်ဆေးပြီးမှ ကားပေါ်ကို ခေါ်တင်ပြီး ဖမ်းသွားတာ” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသည့် ကိုအောင်ဇော်ဦးသည် ကျောက်တင်ကား မောင်းနှင်သူဖြစ်ပြီး ဇနီးဖြစ်သူ မဥမ္မာအောင်က အာဏာမသိမ်းမှီ ကတည်းက ရင်ခွင်သစ် (ECCD) မူကြိုကျောင်းဖွင့်၍ ကလေးငယ်များကို ပညာသင်ကြား နေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ၎င်းတို့နေအိမ်ကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးစဉ် စာရွက်စာတမ်းများနှင့် ဖုန်း ၄ လုံးကို သိမ်းဆည်းသွားသည်ကို တွေ့မြင်ရသည်ဟု မျက်မြင်တွေ့ရှိသူတချို့က ပြောဆိုသည်။

ဖမ်းဆီးသွားသည့် ဇနီးမောင်နှံ နှစ်ဦးကို အုန်းပင်ကွင်းကျေးရွာရှိ မောရဝတီရေတပ် စခန်းဌာနချုပ်တွင် စစ်ဆေးနေပြီး၊ ၎င်းတို့ကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကိုမူ မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။

အလားတူ ဇွန်လ ၈ ရက်ကလည်း ကလိန်အောင်မြို့ရှိ ကုန်မာဆိုင်ပိုင်ရှင် မချိုချိုဦးကို PDF များအား ထောက်ပို့ပေးနေသည်ဟု စွပ်စွဲ၍ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ၅ ရက်ကြာ စစ်ဆေးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here