မုဒုံမြို့ ကမာဝက် အထက်တန်းကျောင်းရှေ့ လုံခြုံရေးကင်းမိုင်းပေါက်ကွဲ

0
431

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ အခြေခံပညာ အထက်တန်းကျောင်းရှေ့ရှိ လုံခြုံရေးကင်းတဲတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ပြည်သူ့စစ် ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံက သိရသည်။

ကမာဝက်မြို့ခံ တစ်ဦးက “ကျောင်းလွှတ်ခါနီးလေးပဲ။ ပေါက်ကွဲမှုဖြစ်ပြီး နည်းနည်းကြာ‌တော့မှ ကျောင်းကို လွှတ်ပေးလိုက်တယ်။ တဲထဲက နှစ်ယောက်ပဲ ထိတာပေါ့” ဟု ပြောသည်။

ဇွန် ၂၂ ရက် ညနေ ၃ နာရီခန့်က ကမာဝက်မြို့ အထက်တန်းကျောင်းရှေ့ရှိ လုံခြုံရေးကင်းတဲ မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းလုံခြုံရေး ယူပေးနေသည့် ပြည်သူစစ် အဖွဲ့ဝင် ဦးမျိုးလွင်နှင့် ဦးတင်လှိုင်တို့ ၂ ဦး ထိမှန်သွားကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ကင်းတဲတွင် ရှိနေသည် ဦးမျိုးလွင်သည် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာနှင့် ယာဘက်ဒူး‌ခေါင်း အရိုးကျိုး ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

ဦးတင်လှိုင်မှာ ဝဲဘက်နားထင် အရေပြား ပေါက်ပြဲဒဏ်ရာနှင့် လက်ဝဲလက်ယာ လက်ချောင်း အရေပြား စုတ်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း မြို့ခံတို့က ပြောသည်။

လုံခြံရေး တပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက “ တဲအောက်မှာ မီးလောင်ထားတဲ့ ကြွပ်ကြွပ်အိတ် အမဲရောင်ရယ် သံတိုသံစလေးတွေရယ် တွေ့ရတယ်။ လက်လုပ်မိုင်းလို့ပဲ ယူဆထားတယ်” ဟု ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကမာဝက်မြို့အတွင်းနှင့် မော်လမြိုင်-သံဖြူဇရပ် လမ်းမကြီးပေါ်တွင် ပိတ်ဆို့စစ်ဆေး ရှာဖွေမှုများ ဆောင်ရွက်ကြောင်း သိရသည်။

ကမာဝက်မြို့ အထက်တန်းကျောင်းရှေ့ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သူတို့က မည်သည့် အကြောင်းကြောင့် လုပ်ဆောင်ခဲ့သည်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here