မိုးမောက်တိုက်ပွဲပြင်းထန်နေတာကြောင့် KIO ထိန်းချုပ်နယ်မြေရှိ ဒေသခံများ လေကြောင်းအန္တရာယ်စိုးရိမ်နေကြ

0
135

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန် နေဆဲဖြစ်တာကြောင့် KIO ထိန်းချုပ်နယ်မြေထဲရှိ ကချင်ပြည်သူများ အနေဖြင့် လေကြောင်းအန္တရာယ် စိုးရိမ်နေကြရသည်ဟု ဒေသခံတို့က ပြောဆိုသည်။

မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းကို KIA ပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း ၂၀ ခန့် ကြာမြင့်လာပြီး တဖက်တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းအဓိက အသုံးပြု တိုက်ခိုက်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့ ည ၁၂ နာရီ ဝန်းကျင်လောက်က KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်၊ မိုင်ဆပ်ပါ၊ မြို့သစ်၊ ကုန်းလော နေရာများကို စစ်ကောင်စီက တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုအခြေအနေကြောင့် လိုင်ဇာမြို့နှင့် အနီးဆုံးနေရာ၌ရှိကြသည့် ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်နေရသည်ဟု မုန်လိုင်ခက်ဒေသခံ အမျိုးသားတစ်ဦးက အခုလိုပြောဆိုသည်။

“စစ်တပ်က အဓိက လေယာဉ်နဲ့ ဦးတည်တိုက်ခိုက်နေတာဖြစ်တဲ့အတွက် လေကြောင်းရန်ကို စိုးရိမ်နေရတာပေါ့။ အရင်ကလို လက်နက်ကြီး ပစ်ခတ်တာတို့က စိုးရိမ်စရာမရှိတော့ဘဲ လေကြောင်းသာ ကြောက်နေရတာပေါ့။ တာဝန်ရှိတဲ့ KIO အနေနဲ့တော့ ဘယ်လိုတိမ်းရှောင်နေထိုင်ကြဖို့ ပြောဆိုတာမျိုးတော့ မရှိသေးဘူး။ ဒါပေမယ့် ညအိပ်ပျော်နေတဲ့အချိန် ဘာဖြစ်လာမလဲဆိုပြီး တွေးကြောက်နေကြတာပေါ့” ဟု ၎င်းက ပြောပါသည်။

စစ်ကောင်စီတပ်က လေကြောင်းနှင့်တိုက်ခိုက်ရာတွင် တိုက်ပွဲဖြစ်ပွားနေသည့် နေရာတင်မဟုတ်ဘဲ တိုက်ပွဲ မရှိသည့် ကျေးရွာများကိုလည်း အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း ဒေသခံတို့က ပြောသည်။

KIA ပူးပေါင်းတပ်က ပြီးခဲ့သည့် မတ်လအတွင်း၌ KIO ဌာနချုပ်ရှိရာ လိုင်ဇာကို အဓိက လုံခြုံရေးရယူထားသော နေရာအနီးရှိ စစ်ကောင်စီတပ်၏ ဗျူဟာမြောက်တပ်စခန်းနေရာများကို သိမ်းပိုက်ခဲ့ပြီးနောက် ယင်းဒေသတွင် တိုက်ပွဲများ ငြိမ်သက်သွားခဲ့သည်။

လိုင်ဇာမြို့အနီးမှာရှိ စစ်ကောင်စီတပ်၏ ဗျူဟာမြောက်တပ်စခန်း အားလုံးနီးပါးကို KIA သိမ်းပိုက်လိုက်ပြီးနောက် ထိုဒေသတွေ၌ ယခင်လို လက်နက်ကြီးနှင့် ရမ်းသပ်ပစ်ခတ်မှုများ ကင်းစင်သွားသည်ဟု ဒေသခံတချို့က ပြောသည်။

သို့သော် လက်ရှိမိုးမောက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေသရွေ့ လေကြောင်းအန္တရာယ် စိုးရိမ်နေရသေးသည်ဟု မုန်လိုင်ခက် ဒေသခံအမျိုးသားက ယခုလိုပြောသည်။

“ဗန်းမော်၊ မိုးမောက် တိုက်ပွဲဖြစ်နေသရွေ့တော့ လိုင်ဇာပတ်ဝန်းကျင်မှာရှိကြတဲ့ ပြည်သူတွေက စိုးရိမ်ပြီး ကြောက်နေရတာပေါ့။ ဖြစ်နေတဲ့ ပြဿနာက အခုဒီလတွေမှာက မိုးတွင်းကာလဆိုတော့ ကတုတ်ကျင်းတွေလည်း တူးဖို့သိပ်အဆင်မပြေဘူး။ တချို့ကတော့ ကြိုတင်ကာကွယ်ဖို့ လုပ်နေကြတာပဲ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က ဗျူဟာမြောက်တပ်စခန်းများကို လက်လွတ်လိုက်ရပြီးနောက် လေကြောင်းလိုင်းတစ်ခုကိုသာ အဓိကအသုံးပြုပြီး ကျေးရွာနှင့် ဆေးရုံ၊ ဘုရားကျောင်းနေရာများကို ပစ်မှတ်ထားပြီး ပစ်ခတ်နေတာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။

လက်ရှိတွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေသည့် မိုးမောက်တွင် နေ့တိုင်းလိုလို ဂျက်လေယာဉ် ၃ စီးနှင့် ၄ စီးကြား ပုံမှန်လာရောက်ပစ်ခတ်နေပြီး တိုက်ပွဲအရမ်းပြင်းထန်သည့် တချို့နေ့တွင် ၁၀ ကြိမ်လောက်အထိ လာရောက်ပစ်ခတ်နေသည်ဟုလည်း KIA ရှေ့တန်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here