ရှမ်းပြည်နှင့် ကရင်နီ (ကယား) ပြည်နယ်စပ်က မိုးဗြဲမြို့တွင် စစ်ကောင်စီက မီးလောင်ဗုံးနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မတ်လအတွင်း ပြည်သူ့နေအိမ် ၃၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု ရှမ်းတောင်စစ်ဒေသခွဲတပ်ဖွဲ့ထံက သိရသည်။
စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုအပြင် မိုးဗြဲအခြေစိုက် စစ်ကောင်စီတပ်ရင်းကနေ မီးလောင်ဗုံးကို အဓိကအသုံးပြုပြီး ပစ်ခတ်နေသည်ဟု အမှတ် (၁) ဗျူဟာ ရှမ်းတောင်စစ်ဒေသခွဲ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။
“တစ်ရက်ကို နေအိမ် သုံး၊ လေးလုံး လောင်တယ်။ အဓိက လောင်ရတဲ့အရင်းမြစ်ကလည်း မီးလောင်ဗုံးနဲ့ ပစ်တာပါ။ ၄၂၂ (မိုးဗြဲအခြေစိုက် ခမရ ၄၂၂) တပ်ထဲကနေ ပစ်လာတာ။ မီးလောင်ဗုံးတခုတည်းပါ” ဟု ရှမ်းတောင်စစ်ဒေသခွဲ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ပြန်လည်ရရှိရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းကနေ ယနေ့ချိန်အထိ လူအင်အား၊ လက်နက်အင်အားအပြင် ဒရုန်း၊ လက်နက်ကြီးတို့နှင့် ပစ်ခတ်ခြင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး အပြင်းအထန် ထိုးစစ်ဆင်နေသည်မှာ ၄ လတာကာလထဲ ရောက်ရှိလာပြီဖြစ်သည်ဟု ဆိုသည်။
ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ကို ရှမ်းတောင်စစ်ဒေသခွဲ အမှတ် (၁) ဗျူဟာအပြင် တော်လှန်ရေးတပ်ဖွဲ့များဘက်က ပြန်လည် ခုခံတိုက်ခိုက်နေပြီး လက်ရှိ၌လည်း မိုးဗြဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဆက်လက်ထိန်းချုပ်နေဆဲဖြစ်ကြောင်း သိရသည်။
ယခုမတ်လအတွင်း မိုးဗြဲမြို့တွင် ယခင်လများထက် တိုက်ပွဲပိုမိုပြင်းထန်နေပြီး နှစ်ဖက်အကျအဆုံး၊ အထိအခိုက်တို့လည်းရှိနေသည့်အပြင် နေ့စဥ် ထိတွေ့တိုက်ပွဲရှိနေတာကြောင့် အရပ်သားပြည်သူများအနေဖြင့် မိုးဗြဲမြို့အနီးဝန်းကျင်တလျှောက် သတိထားသွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။