မတူပီမှာ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက် ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရပြီး စစ်ရေးတင်းမာနေ

0
354
ပုံစာ - CDF မတူပီတပ်ဖွဲ့။

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ စောင်ထီယားကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို CDF မတူပီတပ်ရင်း ၂ မှ စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီမှ ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာများရရှိကာ စစ်ရေး တင်းမာနေဆဲဖြစ်သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီမှ တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာ ၆ ရက်နေ့ ညနေပိုင်းတွင် မတူပီ- ငလိုင်ကျေးရွာကြားရှိ စောထီယားကျေးရွာလမ်းခွဲသို့ မတူပီအခြေစိုက် စစ်ကောင်စီတပ်မှ အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာခဲ့ရာ CDF – မတူပီ တပ်ရင်း ၂ နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF- မတူပီမှ တာဝန်ရှိသူက ပြောသည်။

“မကြာခဏ မတူပီတပ်ရင်း ၂ နဲ့ကတော တိုက်ပွဲတွေ ဖြစ်နေတယ်။ စစ်ရေးအရ သူတို့နဲ့ နီးနီးကပ်ကပ် ရှိတဲ့အတွက် သူတို့ နယ်မြေလုံခြုံရေးအရသော်လည်းကောင်း၊ မတူပီကို တပ်အင်အားဖြည့်ဖို့ လမ်းကြောင်း ရှင်းတာလည်း ဖြစ်နိုင်ပါတယ်။ စစ်ရေးကတော့ နှစ်ဖက်တင်းမာတဲ့ အခြေအနေမှာပဲ ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။

မတူပီမြို့ ခရလ – ၁၄၀၊ ခရလ – ၃၀၄ နှင့် မတူပီစစ်ဗျူဟာ၏ ပူးပေါင်းစစ်ကြောင်းနှင့် CDF မတူပီ တပ်ရင်း ၂ တို့၏ တိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံးပြီး တပ်သား ၁ ဦး ဒဏ်ရာရရှိပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့မှ အထိအခိုက်မရှိ ခုခံနိုင်ခဲ့သည်ဟု CDF- မတူပီမှ တာဝန်ရှိသူက ပြောသည်။

မတူပီ- ဟားခါး လမ်းပိုင်းအတွင်း ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ပြည်သူများ လက်နက်ကိုင်ဆောင်ခြင်း၊ အမဲလိုက်ခြင်းများ မပြုလုပ်ကြရန် CDF မတူပီ တပ်ရင်း ၂ က သတိပေးထုတ်ပြန်ထားသည်။

မတူပီ တပ်ရင်း ၂ သည် ဟားခါး -မတူပီ လမ်းပေါ်တွင် တည်ရှိသည် မတူပီမြို့- လိုင်လင်းပီမြို့ကို ဆက်သွယ်ထားသော လမ်းနှင့် မတူပီမြို့- ရေဇွာမြို့ကို ဆက်သွယ်ထားသော လမ်းပေါ်တွင် စစ်ရေးလှုပ်ရှားသော တပ်ရင်းဖြစ်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားနှင့် ထောက်ပို့လမ်းမပေါ်တွင် ရှိသောကြောင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသည်။

“သူတို့ အုပ်ချုပ်ရေး ယန္တရားတွေနဲ့ ဒီစကစ ရိက္ခာတွေအတွက် အဓိက အသုံးပြုတဲ့လမ်းကြောင်းပေါ်မှာ တည်ရှိတဲ့ အတွက်ကြောင့် ကျနော်တို့ကို အဓိက ပစ်မှတ်ထားပြီး ရှင်းလင်းဖို့ ကြိုးစားနေတာဖြစ်ပါတယ်” ဟု CDF မတူပီ တပ်ရင်း ၂ က တာဝန်ရှိသူက ပြောသည်။

CDF မတူပီ တပ်ရင်း ၂ တွင် လက်နက်ခဲယမ်းလိုအပ်ချက် များပြားနေပြီး လက်နက်ခဲယမ်းဖြည့်တင်း ဝယ်ယူနိုင်ရေးအတွက် အဓိက ကူညီထောက်ပံ့ရန် ပြည်တွင်း ပြည်ပ ပြည်သူများကိုလည်း မေတ္တာရပ်ခံထားသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here