16 ဧပြီ 2025 /

See today's Peace Related News

သတင်းမင်းတပ်မြို့အနီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး၊ ဓမ္မဆရာ ၁ ဦးအပါအဝင် ၆ ဦးသေဆုံး

မင်းတပ်မြို့အနီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး၊ ဓမ္မဆရာ ၁ ဦးအပါအဝင် ၆ ဦးသေဆုံး

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အနီး၊ ဖွီကျေးရွာကို ဧပြီ ၉ ရက်နေ့ ညပိုင်း၌ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေးငယ် ၂ ဦးနှင့် ဓမ္မဆရာ ၁ ဦးအပါအဝင် ၆ ဦးသေဆုံးကြောင်း မင်းတပ်ဒေသခံများက ပြောသည်။

ဧပြီ ၉ ရက်နေ့ ည ၈ နာရီ ၄၄ မိနစ်ခန့်တွင် တိုက်နယ် ၄၊ ဖွီကျေးရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး အသုံးပြုကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ည ၉ နာရီထိုးခါးနီးတွင် ဂျက်ဖိုက်တာဖြင့် ဒုတိယအကြိမ် ပေါင် ၅၀၀ ဗုံးဖြင့် ထပ်မံကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

မင်းတပ်ဒေသခံတဦးက “မနေ့ညက မင်းတပ်မြို့အနီး ဖွီကျေးရွာကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲလို့ မိသားစု ၅ ယောက်စလုံးနဲ့ ဘာသာရေးဆရာတော်တစ်ပါး သေသွားတယ်။ အဲဒီက ရွာသားတွေထဲ ထိခိုက်ဒဏ်ရာရတာက ၇ ဦး လောက်ရှိတယ်ကြားတယ်” ဟု ပြောသည်။

သေဆုံးသူများတွင် မိသားစုတစ်စုမှ ကလေးငယ် ၂ ဦး အပါအဝင် ၅ ဦး သေဆုံးသွားပြီး ဓမ္မအမှုတော်ဆောင် ပါစတာဖြစ်သူ Se Thang လည်း သေဆုံးခဲ့ကြောင်း၊ ဒေသခံရွာသား ၇ ဦးခန့်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ သည်ဟု သိရသည်။

ထို့အပြင် AG ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့သည်ဟု ဒေသခံတို့ ပြောဆိုသည်။

ဧပြီ ၉ ရက်နေ့ည ၁၂ နာရီခန့်တွင်လည်း တီးတိန်မြို့နယ်၊ ဆိုင်းဇန် (Saizang) ကျေးရွာကို တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်မှ စတင်၍ ဒေသခံပြည်သူစစ်ဘေးရှောင်များကို မင်းတပ်မြို့ပေါ်မှာ ပြန်လည်နေရာချထားနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF – မင်းတပ်က ဆောင်ရွက်နေကြောင်း သိရသည်။

မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က အပြီးသတ်သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီကင်းစင်ဒေသအဖြစ် ကြေညာထားသော်လည်း စစ်ကောင်စီသည် မတ်လအစပိုင်းမှစတင်၍ လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်နေခြင်း ဖြစ်သည်။

KMG ပေးပို့သည်။