မင်းတပ်မြို့နယ်တွင် ဆေးဝါးမလုံလောက်မှုကြောင့် မီးတွင်း၌မိခင်သေဆုံးမှုနှင့် မွေးကင်းစကလေးသေဆုံးမှု ၂၀ ဦး ထိရှိနေ

0
338
ပုံစာ - တောတောင်ထဲတွင် စစ်ဘေးတိမ်းရှောင်သူတချို့။

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်များသည် စစ်ဘေးတိမ်းရှောင်စဉ် ဆေးဝါးပြတ်လပ်မှု၊ ဆေးဝါးမလုံလောက်မှုတို့ကြောင့် ကလေးမီးဖွားချိန် မီးတွင်း၌မိခင်သေဆုံးမှုနှင့် မွေးကင်းစကလေးသေဆုံးသူ ၂၀ ဦး အထိ ရှိခဲ့သည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရသည်။

“အိမ်ထောင်သည်အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့အခါ၊ ကလေးမွေးတဲ့အခါ ဆေးဝါးပြဿနာ၊ ဆေးဝါး လုံလောက်မှုမရှိဘူး၊ သင့်တင့်လျောက်ပတ်တဲ့ အာဟာရဖြည့်စွက်မှု တော်တော်လေးလိုပါတယ်။ ကျွမ်းကျင် ဆရာဝန်၊ သက်ဆိုင်ရာဆရာဝန်တွေ လုံလောက်မှု မရှိတဲ့အခါကျတော့ သေဆုံးမှုကလည်း တော်တော်လေး မြင့်တက်နေသေးတယ်။ ကိုယ်ဝန်ဆောင်တွေဆိုရင် ရွာလက်သည်နဲ့ပဲ မွေးတာ။ သယ်ယူပို့ဆောင်ရေးကလည်း လိုတာကိုး၊ ဒီတိုင်းဆိုင်ကယ်နဲ့သွားဖို့ လမ်းကြမ်းမှာသွားဖို့ကလည်း အဆင်မပြေပြန်ဘူး” ဟု မင်းတပ် မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီတာဝန်ခံ ကိုလောရင့်က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်တာကာလအတွင်း စစ်ကောင်စီက မင်းတပ်မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာကာ ဆေးဝါးသယ်ယူခွင့် ကန့်သတ်ပိတ်ထားသည့်အတွက် မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် များသည် ဆေးဝါးပြတ်လပ်မှု၊ ကျွမ်းကျင်သည့်ဆရာဝန်များ မရှိခဲ့ခြင်းကြောင့် သေဆုံးခဲ့ကြရသည်ဟု ကိုလောရင့်က ဆိုသည်။

မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီ၏ စာရင်းမှတ်တမ်းအရ ၂၀၂၁ ခုနစ်မှ ၂၀၂၃ ခုနစ်အထိ စစ်ဘေးရှောင် ပြည်သူများထဲမှ ကလေးမီးဖွားချိန် မီးတွင်း၌သေဆုံးသူအမျိုးသမီး ၁၂ ဦးနှင့် မွေးကင်းစ ကလေးသေဆုံးသူ ၂၀ ဦး အထိ ရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့သေဆုံးမှုမှာ ယခုထက်ပိုများနိုင်သော်လည်း ဆက်သွယ်ရေးဖုန်းလိုင်း အခက်အခဲများကြောင့် အသေးစိတ် စာရင်းများ ကောက်ယူရန် ခက်ခဲနေသည်ဟု ကိုလောရင့်က ဆက်ပြောသည်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် စစ်ဘေးရှောင်သည့် ကာလအတွင်း ငွေကြေးခက်ခဲမူတို့ကြောင့် စစ်ရှောင် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ချိန်အတွင်း လိုအပ်သည့် အစာအာဟာရဓာတ်များနှင့် ဖြည့်စွက်ဆေးဝါး များလည်း နေ့စဥ်မှီဝဲသုံးစွဲရန် အခက်အခဲများ ကြုံတွေ့ရင်ဆိုင်နေကြရသည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင် စခန်း စီမံခန့်ခွဲမှုကော်မတီ ကျန်းမာရေးမှူးက ပြောသည်။

“ကိုယ်ဝန်ဆောင်အမျိုးသမီး၊ နို့တိုက်မိခင်အတွက်လည်း ဆေးဝါးအာဟာရတွေ လိုတယ်။ ရှိတဲ့ဆေးခန်းမှာ ပေးပေမယ့် ရာခိုင်နှုန်းအနေနဲ့ နည်းနည်းလေးပဲ လုပ်ပေးနိုင်သေးတယ်။ ဒါကြောင့် သူတို့အတွက် ကိုယ်ဝန်ဆောင် ဗီတာမင်တွေ၊ ဆေးဝါးလေးတွေကတော့ အများကြီးလိုအပ်ချက်ရှိနေသေးတယ်” ဟု အဆိုပါကျန်းမာရေးမှုးက ပြောသည်။

လက်ရှိချိန်တွင် မင်းတပ်မြို့ပေါ်ကလွဲ၍ မင်းတပ်မြို့နယ်ဒေသတစ်ခုလုံကို CDF-Mindat က စိုးမိုးထိန်းချုပ်ထားပြီး မင်းတပ်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က စစ်ရှောင်များ နေထိုင်နေရာဒေသ၊ စခန်းများတွင် ကျန်းမာရေး ဆေးပေးခန်းများ ဖွင့်ပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများ ခန့်အပ်ပေးခြင်း၊ မီးဖွားခါစ အမျိုးသမီးများ ငွေသား ထောက်ပံ့ပေးခြင်း၊ ဆေးဝါးများ ကူညီထောက်ပံ့ပေးခြင်းများ ပြုလုပ်ပေးနေသော်လည်း လိုအပ်ချက်များ ရှိနေသေးပြီး အကူအညီများ ဆက်လက်လိုအပ်နေဆဲ ဖြစ်သည်ဟု ကျန်းမာရေးမှူးကပြောသည်။

မီးတွင်း၌ ကလေးမိခင်အမျိုးသမီးများ သေဆုံးမှုအပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု အချိန်မီ ဆေးကုသမှု မရရှိနိုင်သည့်အတွက် ကိုယ်ဝန်ပျက်ကျမှု၊ ကလေးအသေမွေးဖွားမှုများလည်း ရှိနေသည်ဟု ကိုလောရင့်က ပြောဆိုသည်။

“ဒီရက်ပိုင်းမှာပဲ မွေးကင်းစကလေးလေး မြေမြုပ်သဂြိုလ်ခဲ့ရတယ်။ မိခင်ကမွေးတာက ၃ ယောက်မြောက် သူက တိုက်နယ် အမှတ် (၁၄) ရှစ်ကလူးကျေးရွာကနေလာတာ တော်တော်လေးဝေးတယ်။ နေ့စေ့လစေ့ရောက်တော့ မွေးတယ်၊ မမွေးနိုင်ဘူး သွေးတွေကဆင်းလာတယ်၊ သူတို့က ဆိုင်ကယ်ငှါးလိုက် ကားငှါးလိုက်နဲ့ ရောက်လာ ကြတာ၊ အာထာရာဆောင်းနဲ့ကြည့်တော့ ကလေးက သေသွားပြီ။ ကလေးအမေပြောတာတော့ ဆေးရုံကို ရောက်တဲ့အချိန် ကလေးကတချက်လှုပ်သေးတယ် ပြောတယ်၊ အသက်ထွက်သွားတာနေမှာ” ဟု ၎င်းက ဆိုသည်။

ဆက်လက်ပြီး ကိုလောရင့်က “ကျွန်တော်တို့မှာ ဆေးကုသမူနဲ့ ဆေးရုံ၊ဆေးခန်း လည်ပတ်မူရှိပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် တော်တော်လေးကို ဝေးလံတာပေါ့နော်။ ဆေးဝါးလိုအပ်ပြီးတော့ ဆေးဝါးကျွမ်းကျင်ဝန်းထမ်း ဆရာဝန်ဆရာမတွေ လိုအပ်နေသေးတယ်” ဟု ပြောသည်။

တိုက်နယ်အမှတ် (၉) ခု ဖြင့် ဖွဲ့စည်းထားသည့် မင်းတပ်မြို့နယ်တွင် အုပ်စု (၆) အုပ်စုရှိပြီး အုပ်စုတစ်စုတွင် ကျေးရွာပေါင်း (၃၀) နီးပါးရှိကာ ယင်းကျေးရွာတို့တွင် စစ်ဘေးရှောင် ပြည်သူဦးရေ တစ်သောင်းကျော် စစ်ဘေးခိုလှုံနေကြဆဲ ဖြစ်သည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here