စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ရှိ Non-CDM ဝန်ထမ်းများအား လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစပြီး CDM ပြုလုပ်ရန်အတွက် ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဒီဇင်ဘာလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ကြေညာစာများကို မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ပြန်ထားရာတွင် ၂၀၂၅ ခုနှစ် နှစ်စမှစ၍ CDM မပြုလုပ်သည့် ဝန်ထမ်းများကို ထိထိရောက်ရောက် အရေးယူအပြစ်ပေးသွားမည်ဟု ဆိုထားကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
“သူတို့ (PDF) မနေ့က လာဖြန့်တာ ဟုတ်တယ်ခင်ဗျာ့။ မြို့ပေါ်ဝန်ထမ်းတွေလည်း ရှိပါသေးတယ်။ ပြေးတဲ့သူတွေ လည်း ပြေးတာပါပဲ” ဟု ဗန်းမောက်ဒေသခံတစ်ဦးက ပြောပြသည်။
CDM မပြုလုပ်သူများကို တည်ဆဲဥပဒေအရ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း အရေးယူမည့် ပုဒ်မတွေကို ထည့်သွင်းပြောဆိုခြင်းမရှိဟု အဆိုပါဒေသခံက ဆက်ပြောသည်။
Non-CDM များအနေဖြင့် CDM ပြုလုပ်လာလျှင် ဌာနဆိုင်ရာစာရွက်စာတမ်းများ၊ ပြည်သူ့ပိုင်ပစ္စည်းများနှင့်တကွ NUG ထံကို အလင်းဝင်ရောက်ရမည်ဟုလည်း ဆိုထားကြောင်း သိရသည်။
ယင်းအပြင် အစိုးရဌာနဆိုင်ရာ၊ ဒေသဆိုင်ရာ ပိုင်ဆိုင်ထားသည့် သို့မဟုတ် လွှဲအပ်ထားသည့်ပစ္စည်း၊ သိုလှောင်ထားသော ပစ္စည်း၊ အသုံးပြုရန် လွှဲအပ်ထားသည့် အခြားပစ္စည်းများကိုလည်း ပအဖထံသို့ စနစ်တကျ အပ်နှံရမည့်အကြောင်းလည်း ထည့်သွင်းပြောဆိုထားသည်။
ဗန်းမောက်မြို့အတွင်း၌ လက်ရှိတွင် အထွေထွေအုပ်ချုပ်ရေးဌာန၊ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်း အနည်းငယ်ခန့်သာ ကျန်ရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။
ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားများသည် မြို့ပေါ်မှာသာရှိနေပြီး မြို့နယ်အတွင်း၌ တိုင်းရင်းသားလက်နက်ကိုင်များနှင့် KIA၊ PDF တပ်များက ထိန်းချုပ်ထားစိုးမိုးထားသည်။
ရှမ်းနီအသံ ပေးပို့သည်။