ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဝှေခါကျေးရွာတွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှု ရှိနေသေးတာကြောင့် ဒေသခံပြည်သူ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဖားကန့်ဒေသခံတွေက ပြောသည်။
ဝှေခါ ရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်း ၂ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော်- KIA နဲ့ ကချင် ပြည်သူ့ကာကွယ်ရေးတပ်-KPDF တပ်တွေက ဇန်နဝါရီလ ၆ ရက်နေ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် ဆက်တိုက်ပစ်ခတ်နေသလို လေကြောင်းနှင်ပါ တိုက်ခိုက်နေခြင်း ဖြစ်သည်။
အခုလို ဒေသခံ အရပ်သားပြည်သူများ ရှိရာဘက်ကိုပါ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် လေကြောင်းနှင့်ပါ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဝှေခါဒေသခံ အများစုသည် ဆိုင်းတောင်ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုင်းတောင်ဒေသခံ အမျိုးသားတစ်ယောက်က ပြောဆိုသည်။
“စစ်ရှောင်တွေက ၆ ရက်လောက်ကတည်းကနေ ရောက်လာကြတာ ဟုတ်တယ်။ လောလောဆယ် ၃ နေရာမှာ နေရာချထားပေးတယ်။ အားလုံးက ဝှေခါနဲ့ ရွာချင်းဆက်တဲ့ နေရာတွေက ပြည်သူတွေပါပဲ။ စစ်ရှောင်လာတဲ့ သူတွေက တစ်ထောင်လောက်ရှိလာပြီ” လို့ ၎င်းက ဆိုသည်။
ဇန်နဝါရီလ ၈ ရက်နေ့တွင်လည်း စစ်ကောင်စီက ဂျက်လေယာဉ်တစ်စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖားကန့် KPDF တာဝန်ရှိသူတစ်ယောက်က အခုလိုပြောဆိုသည်။
“သူတို့က ကျန်ရှိနေသေးတဲ့ ကုန်းကို ကာကွယ်တဲ့သဘောအနေနဲ့ လာပစ်နေတဲ့သဘောပါပဲ။ လာပစ်တာက လေယာဉ်တစ်စီးထဲ လာကြဲသွားတာ ပြန်လှည့်သွားတယ်။ သူတို့က KIA နဲ့ PDF တွေ ရှိနိုင်တဲ့ နေရာဘက်ကို ဦးတည်ပြီး လာကြဲသွားတာ၊ ဒါပေမယ့် အထိအခိုက်တော့မရှိဘူးပေါ့” လို့ ၎င်းက ပြောသည်။
လက်ရှိတွင် ဝှေခါရှိ တပ်စခန်းတစ်ခုနှင့် ရဲစခန်းကို KIA နှင့် KPDF တွေက သိမ်းပိုက်ထားနိုင်သော်လည်း အခိုင်အမာ ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခု ကျန်ရှိနေသေးတာကြောင့် စစ်ကောင်စီဘက်မှ လာရောက်ဗုံးကြဲ တိုက်ခိုက်နေတာဖြစ်တယ်လို့ ၎င်းက ဆိုသည်။
စစ်ကောင်စီဘက်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်နေသလို တိုက်ပွဲဖြစ်ပွားရာ နေရာဘက်ကို ဦးတည်ပြီး ဆန်းကြွယ်နှင့် ဖားကန့်ဗျူဟာကုန်းတွေကနေ လက်နက်ကြီးများနှင့် အဆက်မပြတ် ပစ်ခတ်နေတယ်လို့လည်း KNDF ထံမှ သိရသည်။
ဝှေခါ စစ်ရှောင်များသည် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့ လောက်ကတည်းကနေ ဆိုင်းတောင် ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့တာဖြစ်ပြီး လက်ရှိ ၃ ရက်အတွင်း တိမ်းရှောင်လာသည့် စစ်ရှောင် ပြည်သူဦးရေမှာ တစ်ထောင်ကျော်ရှိသွားပြီလို့ ဆိုင်းတောင်ဒေသခံတွေက ပြောပါသည်။
လက်ရှိတွင် စစ်ရှောင်ပြည်သူများသည် တောင်ပေါ်ဘုန်းကြီးကျောင်း၊ မှော်လျှံဘုန်းကြီးကျောင်းနှင့် ခရစ်ယာန် ဘာသာရေးကျောင်းဝင်းတွေမှာ တိမ်းရှောင်နေကြတယ်လို့လည်း သိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေက ဇန်နဝါရီလ ၆ ရက်နေ့က စပြီး ဖားကန့်မြို့နယ်ရှိ နမ်တိန်တပ်စခန်းနဲ့ ဝှေခါကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းနေရာတွေကို စခန်းသိမ်းတိုက်ပွဲအဖြစ် တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲလည်း ဖြစ်သည်။
KNG ပေးပို့သည်။