27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းဖားကန့်လမ်းပိုင်းရှိ ကျေးရွာနေဒေသခံများအား KIA က နေရပ်တွင် ပြန်နေထိုင်ခွင့်မပြုဘဲ တိမ်းရှောင်ခိုင်းဆဲဖြစ်

ဖားကန့်လမ်းပိုင်းရှိ ကျေးရွာနေဒေသခံများအား KIA က နေရပ်တွင် ပြန်နေထိုင်ခွင့်မပြုဘဲ တိမ်းရှောင်ခိုင်းဆဲဖြစ်

ကချင်ပြည်၊ ဖားကန့်ဒေသအတွင်း တိုက်ပွဲများငြိမ်သက်သွားတာကြောင့် မိမိနေရပ်သို့ ပြန်လည်နေထိုင်ကြသည့် နန့်ယားကျေးရွာအပါ ဆိုင်းဖရာ၊ ကပ်မှော်၊ နန်တိန့်၊ တံတားညီနောင်၊ ကပ်မှော်၊ ဂေါ့လူယန် စသည့် ကျေးရွာနေ ဒေသခံပြည်သူများအား KIA က ပြန်လည်တိမ်းရှောင်ထားကြရန် ပြောဆိုထားသည်ဟု ဒေသခံများက ပြောသည်။

KIA က စစ်ရှောင်များကို ပြန်လည်တိမ်းရှောင်ကြရန် ပြောဆိုတာက စစ်ကြောင်းများဝင်ရောက်ခဲ့ချိန်က ကျေးရွာအတွင်း စစ်ကောင်စီတပ်က ချန်လှပ်ထားသည့် မိုင်းအန္တရာယ်ရှင်းလင်းရန်နှင့် ကားမိုင်းလမ်းဘက်ကနေ စစ်ကောင်စီစစ်ကြောင်းများ ပြန်ဝင်ရောက်လာနိုင်သည့် အခြေအနေရှိနေတာကြောင့် ပြန်လည်တိမ်းရှောင်ခိုင်းခြင်းဖြစ်သည်ဟု နန့်ယားဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“ရွာထဲမှာ မကွဲသေးဘဲ ကျန်ရှိနေတဲ့မိုင်းတွေ နင်းမိမှာစိုးရိမ်တဲ့အတွက် KIA က ပြန်တိမ်းရှောင်ခိုင်းထားတယ်။ လက်ရှိ KIA ဘက်က ဒါတွေကိုရှင်းလင်းဖို့ကလည်း အချိန်မပေးနိုင်သေးဘူးဆိုတော့ အကုန်လုံးကို ပြန်ထွက်ခိုင်းတယ်။ စစ်ရေးကလည်း မတည်မငြိမ်ပြန်ဖြစ်တော့ နဂိုရှောင်နေတဲ့နေရာတွေမှာ ပြန်သွားရှောင်နေကြတဲ့သဘောပါ။ ပြန်ထွက်ခိုင်းတာက လေး၊ ငါးရက်လောက်ရှိနေပါပြီ” ဟု ၎င်းက ပြောပါသည်။

ဖားကန့်လမ်းတလျှောက် စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲသွားသည့် ကျေးရွာများ၌ မြေမြှုပ်မိုင်းနဲ့ အပြန်အလှန် တိုက်ပွဲဖြစ်ရာကနေ မပေါက်ကွဲသေးသော ကျန်ရှိနေသေးသည့် စစ်လက်နက်အကြွင်းအကျန်များ ရှင်းလင်းရန်အတွက် ပြည်သူများအား အသက်အန္တရာယ်မဖြစ်စေရန် ထွက်ခိုင်းခြင်းဖြစ်သည်ဟု ဆိုသည်။

ဖားကန့်လမ်းပိုင်းရှိ ရွာတိုင်းနီးပါးက ဒေသခံပြည်သူများမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာချိန် နေရပ်စွန့်ခွာပြီး တောတွင်းနေရာတွင် တိမ်းရှောင်နေကြရာ မိုးတွင်းကာလအတွင်း အစားအသောက်နှင့်ဆေးဝါးများ ပြတ်လပ်သည့်အခက်အခဲတို့ကို ကြုံတွေ့ရသည့်အတွက် စစ်ကောင်စီတပ် စစ်ကြောင်းထွက်သွားပြီးချိန်တွင် မိမိတို့ကျေးရွာများထဲသို့ ပြန်ဝင်နေထိုင်ကြခြင်းလည်း ဖြစ်သည်။

ယင်းအပြင် ရက်လကြာရှည်စွာ စစ်ဘေးတိမ်းရှောင်ရသည့်အတွက် စုဆောင်းထားသော အစားအသောက်များ ကုန်ဆုံးလာချိန် တဖက်တွင်လည်း စစ်ကောင်စီတပ်နှင့် KIA နှစ်ဖက်စစ်တပ်တို့က ဖားကန့်လမ်းကို ပိတ်ဆို့ထားသည်မှာ တစ်လခန့် ကြာမြင့်လာပြီဖြစ်တာကြောင့် ကုန်ပစ္စည်းပြတ်လပ်မှုကိုပါ ကြုံတွေ့နေရသည်။

ဖားကန့်ဒေသကို အဓိကအားဖြင့် မြစ်ကြီးနား – ဖားကန့်လမ်းကို အသုံးပြုပြီး ကုန်ပစ္စည်းများတင်သွင်းနေရာ၌ လက်ရှိတွင် ကုန်ကားအဝင် လုံးဝ မရှိတော့သည့်အတွက် ဖားကန့်လမ်းတလျှောက် နေထိုင်ကြသော ကျေးရွာနေပြည်သူများမှာ စစ်ဘေးအပြင် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုအခက်အခဲကိုပါ ရင်ဆိုင်နေကြရသည်။

ဖားကန့်လမ်းပိုင်းကို ကားမိုင်း – မအူပင်ကျေးရွာအထိ စစ်ကောင်စီတပ်က ပိတ်ဆို့ထားပြီး အထက်ပိုင်း နန့်ယားကျေးရွာတလျှောက်ကို KIA နှင့် တော်လှန်ရေးတပ်ဖွဲ့တို့က ပိတ်ဆို့ထားခြင်းဖြစ်သည်။

နန့်ယားစစ်ရှောင်အမျိုးသားတစ်ဦးက “အခုဖြစ်နေတာက ဘယ်လမ်းမှ ထွက်လို့မရတာ။ မိုးတွင်းချိန်လည်းဖြစ် သွားဖို့လာဖို့ကမရ အခုချိန်မှာ နောင်းမီဘက်ခြမ်းကိုထွက်ဖို့ မလွယ်သလို ဝါရာဇွပ်ဘက်ခြမ်းကို ထွက်ဖို့လည်း မလွယ်တော့ဘူး။ တောမှာ တိမ်းရှောင်နေကြတဲ့ ပြည်သူတွေက အသက်ရှင်နေထိုင်ဖို့ စားနပ်ရိက္ခာတွေက ဘယ်နားကစပြီး ရရှိတော့မှာလဲ။ အရင်ကလှောင်ထားတဲ့ ရိက္ခာခြောက်တချို့ကျန်ရှိတာနဲ့ တောပေါက် အသီးအရွက်တွေ လိုက်ခူးစားနေရတာ” ဟု ပြောသည်။

တောထဲ၌တိမ်းရှောင်နေကြသည့် စစ်ရှောင်ပြည်သူများ အစားအသောက်ပြတ်လပ်လာတာကြောင့် ယခုရက်ပိုင်းအတွင်း KIA ၏ ခွင့်ပြုချက်နှင့် ရွာထဲကိုဝင်ပြီး စားနပ်ရိက္ခာတို့ကို နေ့ချင်းပြန် ဝင်ရောက်သယ်ယူခွင့်ပြုထားသည်ဟု သိရသည်။

စစ်ရှောင်များအား ရွာထဲတွင် ညအိပ်ဝင်ခွင့်မပြုဘဲ နေ့ချင်းပြန် အဝင်/အထွက် သွား/ပြန် လုပ်နေရတာကြောင့် KIA က ဘယ်အချိန်ထိ တိမ်းရှောင်ခိုင်းမည်ကို မသိသေးကြောင်းနှင့် ဖားကန့်လမ်းပိုင်းကိုလည်း အခြေအနေပေါ်မူတည်ပြီး ပြန်ဖွင့်ပေးရန်လည်း ဒေသခံများက တောင်းဆိုနေသည်။

ဖားကန့်လမ်းပေါ်ရှိ ကျေးရွာနေဒေသခံများသည် စစ်အာဏာသိမ်းပြီးနောက် နှစ်တိုင်းလိုလို ဖားကန့်ဒေသဘက်၌ တိုက်ပွဲဖြစ်လာချိန်တိုင်း မကြာခဏ တိမ်းရှောင်နေရသည့် ကျေးရွာများဖြစ်သလို စစ်ကောင်စီတပ် စစ်ကြောင်းထိုးတက်လာတိုင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးကြုံတွေ့နေရသည့် ကျေးရွာများလည်းဖြစ်သည်။

KNG ပေးပို့သည်။