ဖရူဆိုကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်၊ နေအိမ်နှင့် စာသင်ကျောင်းဆောင်များပျက်စီး

0
361
ပုံစာ- ဖရူဆိုမှာ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ နေအိမ်နဲ့စာသင်ကျောင်းဆောင်များပျက်စီးခဲ့သည်။

ကရင်နီ (ကယား) ပြည် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့ ည ၁၀ နာရီခွဲခန့်က စစ်ကောင်စီက တိုက်လေယာဉ်တစ်စီးနဲ့ နှစ်ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်နဲ့ စာသင်ကျောင်းဆောင်များ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုသည်။

ကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက “လူကို ထိခိုက်သွားတာတော့ မရှိဘူးပေါ့နော။ အိမ်တော့ ပျက်စီးသွားတယ်ပေါ့။ လူက ဗုံးခိုကျင်းထဲဝင်နေလိုက်လို့ပေါ့၊ အကုန်လုံးဝင်တယ်ပေါ့။ မောင်လေးက ဝင်ပြီး သေချာတောင် မဝင်လိုက်ရသေးဘူး၊ အဲ့တာ ကျသွားတာ ဒါပေမယ့် ကံကောင်းလို့ပေါ့ မထိဘူး။ အိမ်မှာအိပ်နေတဲ့ မိသားစုက ၇ ယောက် ရှိတယ်။ ကလေးငယ် ၃ယောက် ရှိတယ်။ ၅ နှစ်ကျော်တစ်ယောက်ရယ်၊ ၄ နှစ် ကျော် တစ်ယောက်ရယ်၊ ၁ နှစ်ကျော် ၁ ယောက်ရယ်” လို့ ပြောသည်။

စာသင်ကျောင်းဆောင်အနီး ဗုံးတစ်လုံးကျခဲ့ပြီး စာသင်ကျောင်းဆောင်၊ အိမ်သာ၊ ဆရာဆရာမ နေအိမ်များ ထိမှန်ပျက်စီးခဲ့သည့် အပြင် လူနေအိမ်အနီးတွင်လည်း ဗုံးတလုံးကျခဲ့တာကြောင့် နေအိမ် ၄ လုံး ပျက်စီးခဲ့သလို အခြားသော ထိခိုက်ပျက်စီးမှုလည်း ရှိခဲ့တယ်လို့ ဒေသခံများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် အဆိုပါကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်နေကြရပြီး တချို့မှာ စစ်ရှောင်တိမ်းကြသူတွေလည်း ရှိနေတယ်လို့ ၎င်းတို့က ဆက်ပြောသည်။

“လန့်သွားတာပေါ့၊ အဖိုးအဖွားကိုလည်း တော်တော်စိုးရိမ်သွားတယ်။ ရုတ်တရက်ကြီးဆိုတော့လည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတယ်ပေါ့။ ဒါပေမယ့် လူကဘာမှမဖြစ်တော့ တော်တော်ကံကောင်းတယ်လို့ပဲ ထင်တာပေါ့နော။ အကယ်၍ အရင်သာမကြားခဲ့ရင်ပေါ့နော့ ကျောင်းမှာကျတဲ့တစ်လုံး အရင်သာ မကြားခဲ့ရင် မတွေးရက်စရာကြီးပေါ့ ။ ဒီဘက်မှာအိပ်တော့ ဟိုအိမ်ကလည်း တော်တော်ပျက်သွားတယ်။ ဟို သစ်သားကြီး ပြုတ်ကျပြီး ဒဏ်ရာရရင်ရ မရရင် လက်နက်ကြီး မှန်မှာပဲလို့တော့ ထင်တယ်” လို့ ဒေသခံအမျိုးသမီးက ပြောပြသည်။

ဖရူဆိုမြို့နယ်အတွင်းရှိ တချို့နေရာများ၌ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လေယာဉ်၊ လက်နက်ကြီးရန်ကို စိုးရိမ်ကြောက်လန့်တာကြောင့် အဆိုပါကျေးရွာက စာသင်ကျောင်းကိုလည်း ပြီးခဲ့တဲ့ရက်ကတည်းက ပိတ်ထားလိုက်တယ်လို့ ဒေသခံများက ပြောပါသည်။

ဒေသခံများနှင့် စစ်ရှောင်များ စုပေါင်းနေထိုင်ကြသည့် အဆိုပါကျေးရွာမှာ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း ကျေးရွာအတွင်းကို လက်နက်ကြီးများ မကြာခဏ ကျရောက်ခဲ့တယ်လို့လည်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင်လည်း ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီက ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာများကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် နေအိမ် ပျက်စီးဆုံးရှုံးမှုများ ရှိနေတယ်လို့ ဒေသခံများက ပြောဆိုသည်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here