ရှမ်း – ကရင်နီ (ကယား) ပြည်နယ်စပ်မှာ မိုးဆက်တိုက်ရွာသွန်းတာကြောင့် ဖယ်ခုံအင်းရေ မြင့်တက်လာပြီး အင်းအနီးတဝိုက်က လယ်တွေ ရေမြှုပ်သွားတယ်လို့ ဒေသခံတွေဆီက သိရသည်။
ဖယ်ခုံအင်းအနီးတဝိုက်တွင် လယ်ဧက ထောင်နဲ့ချီ ရှိပြီး၊ စပါးပင်တွေ ရေမြှုပ်သွားတာကြောင့် အရှုံးပေါ်နေပြီလို့ ဒေသခံတောင်သူတဦးက အခုလိုပြောဆိုသည်။
“တချို့တွေက စပါးမမှည့်ဘူး၊ စပါးမမှည့်ဘူး အဲ့တာ တခင်းလုံး မြှုပ်သွားတဲ့ဟာတွေပေါ့နော။ ဒါက တော်တော်လေးကို အရှုံးပေါ်တယ်ပေါ့။ ၁ ဧကကို ခန့်မှန်းချေ ငွေသားနဲ့ဆိုတော့ ၇ သိန်း ၈ သိန်း၊ မြေသြဇာဖိုးပဲ ဆိုတော့ ဒီလောက်လောက်တော့ ကျသွားတာပေါ့။ အဲတာ (ရေ) မြှုပ်သွားတဲ့ တောင်သူတွေ တော်တော်များတယ်ပေါ့” လို့ အဆိုပါဒေသခံတောင်သူက ပြောသည်။
ဒါ့အပြင် မိုးဗြဲမြို့ဧရိယာတ၀ိုက်နဲ့ ဘုရားဖြူ၊ ဘုရားနီ ဧရိယာတွေအထိ ရေမြှုပ်နေတာကြောင့် စပါးစိုက် တောင်သူများ အရှုံးပေါ်ရုံတင်မကဘဲ ငါးမွေးမြူရေးလုပ်ငန်းလုပ်သည့် တောင်သူတွေလည်း အရှုံးနဲ့ရင်ဆိုင် ရတယ်လို့ ဆိုသည်။
“အခု တောင်ယာပြန်လုပ်တဲ့ တောင်သူတော်တော်များများကကြတော့ အဆင်မပြေကြဘူးပေါ့နော။ ဒီလို အဆင်မပြေတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့က တောင်ယာတွေ လယ်ယာတွေ ပြန်လုပ်နေရတယ်။ ဒါပေမဲ့လည်း ဒီလိုထပ်ပြီးမှ ထပ်ဆုံးရှုံးမယ် ဆိုရင်လည်း ဒါမတတ်နိုင်ပါဘူး ကံတရားလို့ပဲ ပြောလို့ရမှာပေါ့” လို့ တောင်သူတဦးက ပြောသည်။
မိုးဗြဲ၊ ဘုရားဖြူ၊ ဘုရားနီ ဧရိယာတွင်းက တောင်သူတွေဟာ ဖယ်ခုံအင်းမှ ခွဲထွက်လာတဲ့ ချောင်းငယ်တွေ၊ အင်းငယ်လေးတွေကို အဓိကထား အမှီပြုပြီး လယ်ယာစိုက်ပျိုးကြရတာဖြစ်ကြောင်း သိရသည်။
အလားတူ လွိုင်ကော်မြို့နယ်အတွင်း ကုန်းသာကျေးရွာအုပ်စုက ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးခင်း တချို့မှာလည်း ရေနှစ်မြှုပ်တာကြောင့် ရိတ်သိမ်းချိန် မတန်သေးဘဲ ရိတ်သိမ်းလိုက်ရတဲ့ စပါးခင်းတွေ ရှိတယ်လို့ ဒေသခံတောင်သူတချို့က ဆိုသည်။
“စပါးနဲ့ ပတ်သက်ရင်များတယ်။ တချို့ခါကျတော့ မမှည့်သေးဘဲနဲ့ ရိတ်ရတဲ့မျိုးလည်း ရှိတယ်။ တချို့ခါကြတော့ အနှံစထွက်ကတည်းက ရိတ်လို့မရတော့ မြုပ်သွားတာလည်း ရှိတယ်။ တော်တော်များတယ်။ လယ်ခါကြတော့ ဧကပေါင်းများမယ် ထင်တယ်။ ရာနဲ့ချီမယ် ထင်တယ်Ó လို့ ဝါရီကောခူကျေးရွာက ဒေသခံတောင်သူတစ်ဦးက ပြောပါသည်။
တောင်ယာ၊ လယ်ယာကိုသာ အဓိကအားထားမှီခိုရတဲ့ ဒေသခံတွေဟာ စိုက်ပျိုးစပါးများ ပျက်စီးမှုရှိနေတာကြောင့် လာမယ့်နှစ် စားသောက်ရေးအတွက် စိုးရိမ်ပူပန်နေကြတယ်လို့ ပြောဆိုကြသည်။
ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။