ဖမ်းဆီးထားသော ရိုဟင်ဂျာများထဲတွင် ကိုဗစ်ရောဂါပိုးရှိသူ ၆ ဦး တွေ့ရှိ

0
290

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းအနီးတွင် ဖမ်းမိသည့် ရိုဟင်ဂျာ ၁၆၇ ဦး အနက် ၆ ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိရသည်ဟု တိုင်းကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်တွင် နို၀င်ဘာလ ၂ ရက်နေ့က စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့သည့် စက်လှေ နှစ်စီးပေါ်မှ ရိုဟင်ဂျာ ၁၆၇ ဦးကို ကျန်းမာရေးစစ်ဆေးရာတွင် အမျိုးသား ၄ ဦး နှင့် အမျိုးသမီး ၂ ဦး၌ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တိုင်းကျန်းမာရေးဦးစီးဌာန အရာရှိတစ်ဦးက “ပိုးတွေ့လူနာနဲ့အတူ လှေတစီးထဲ စီးလာကြတဲ့သူတွေနဲ့ ထိတွေ့ ပြောဆိုခဲ့သူ အားလုံးကို သီးသန့်ခွဲထားပြီး စောင့်ကြည့်ထားတယ် ကွာရတင်းနှစ်ပတ် လုပ်ထားတယ်” ဟု ပြောပါသည်။

စတင်ဖမ်းဆီးမိခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး၌သာ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရသော်လည်း နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်း စစ်ဆေးချက်အဖြေအရ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့တွင် ထပ်မံစစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

ရိုဟင်ဂျာ ၁၆၇ ဦးအား စက်လှေဖြင့်ပိုဆောင်ပေးသည့် စက်လှေသမား မြန်မာလူမျိုး ၁၀ ဦးကို ဖမ်းဆီးရမိထားပြီး ၎င်းတို့ကို ငပုတောမြို့မရဲစခန်းတွင် သီးသန့်ချုပ်နှောင်ကာ စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

နိုဝင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၁၆၇ ဦး တွင် အမျိုးသား ၈၀ ဦး အမျိုးသမီး ၈၇ ဦးပါဝင်ပြီး အသက် ၁၈ မပြည့်သေးသူများလည်း ပါဝင်သည်ဟု ဒေသခံ မြန်မာ-မွတ်စလင်မ် ကွန်ရက်အဖွဲ့ဝင် ဦးကာစင်က ပြောသည်။

“အသက် ၁၈ နှစ် မပြည့်သေးတဲ့ အရွယ်တွေရဲ့ စာရင်းက အတည်ပြုလို့ မရသေးဘူး။ သူတို့က မလေးရှားမှာ အလုပ်လုပ်ဖို့ ရခိုင်ပြည်နယ်ကနေ စက်လှေနဲ့ ထွက်လာတာမှာ အဖမ်းခံကြရတာ” ဟု ဦးကာစင်က ပြောသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ်များထဲရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး ၁၆၇ ဦးသည် မလေးရှားနိုင်ငံတွင် အလုပ်အကိုင်လုပ်ရန် စက်လှေဖြင့် ထွက်ခွာလာစဉ် ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်တွင် စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

ဧရာဝတီအတွင်းသို့ နယ်မြေဖြတ်ကျော် ဝင်ရောက်လာသော ရိုဟင်ဂျာ ၁၆၇ ဦးကို ဥပဒေနှင်င့် အညီ ဆောင်ရွက်သွားမည်ဟု လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူအင်အားဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here