မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် မဒဲကျေးရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်မွှေနှောက်ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီနှင့် ပျူစောထီးအင်အား ၁၅၀ သည် မဲဇလီရဲစခန်းမှ မဒဲကျေးရွာဘက်သို့ ဇွန် ၂၃ ရက်တွင် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
“လောလောဆယ် မဒဲရွာထဲက ပြည်သူတွေပစ္စည်းတွေကို ခိုးယူနေတယ်။ မရှောင်နိုင်တဲ့ ပြည်သူတွေ အဖမ်းခံရတာရှိတယ်။ ရှောင်တဲ့သူတွေကတော့ ရှောင်နေကြရတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောပြသည်။
စစ်ကောင်စီတပ် အင်အား ၁၅၀ ပါ စစ်ကြောင်းသည် မဲဇလီကျေးရွာရဲစခန်းမှ မဒဲကျေးရွာအထိ ဝင်ရောက်နေသည့်အပြင် ကျောင်းကုန်းကြီးကျေးရွာမှ ပျူစောထီးများသည်လည်း ပေတောကျောင်းကုန်း ကျေးရွာဘက်သို့ ဝင်ရောက်နေကြောင်း သိရသည်။
ထို့ပြင် ကျောင်းကုန်းကြီးကျေးရွာမှတဆင့် ရေပုတ်ကလေးကျေးရွာဘက်သို့ စစ်ကြောင်းတက်လာသည့်အတွက် စစ်ကြောင်းသုံးကြောင်းသည် မဒဲကျေးရွာဘက်သို့ ဦးတည်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းများကြောင့် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်ပြီး ကနီ၊ မဒဲ၊ အင်းကုန်း၊ ထူးပေါက်၊ ထိန်အိုင်၊ ညောင်ပင်ဝိုင်းမှ ဒေသခံများသည် နီးစပ်ရာဆွေမျိုများရှိသည့် ကျေးရွာများဆီကို ရှောင်တိမ်းနေကြရကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။