ပဲခူးတိုင်း၊ မုန်းမြို့နယ်ရှိကျေးရွာများအား ရက်ပိုင်းအတွင်း စစ်ကောင်စီလေကြောင်း ထပ်မံတိုက်ခိုက်နေ

0
424

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်း၌ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသည့် ငထွေစုပ်ကျေးရွာနှင့် အနီးရှိ ကျေးရွာများကို စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီက ထပ်မံပြီး လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မုန်းမြို့နယ်ရှိ ကရင်၊ ဗမာ မျက်ရဲကျေးရွာနှင့် ငထွေစုပ်ရွာသို့ ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် ငထွေစုပ်ရွာမှ ဒေသခံ ၁ ဦး သေဆုံး၍ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်အများအပြား ပျက်စီးကာ ငထွေစုတ်ရွာအပါအဝင် အနီးရှိကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာတွင် ယနေ့အချိန်ထိ တိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်ရွာသားများ စားနပ်ရိက္ခာယူရန် ရွာရှိနေအိမ်များသို့ ခေတ္တပြန်ချိန်တွင် ငထွေစုတ်ရွာနှင့် အနီးတဝိုက်သို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ထက်မနည်း ထပ်မံလုပ်ဆောင်ခဲ့သဖြင့် ထိခိုက်မှုရှိနိုင်သည်ဟု မုန်းမြို့ခံအမျိုးသားတစ်ဦးက အခုလိုပြောသည်။

“ငထွေစုတ်တကြောက ရွာတွေတော်တော်များများ ပထမတစ်ခေါက်ဖြစ်ကတည်းက ပြေးကြတာ လေယာဉ် လာပစ်တာရော လက်နက်ကြီးတွေပါ ထုနေတော့ ဒီရက်ပိုင်းမှာ ရွာပြန်နေတဲ့သူ မရှိဘူး။ ဒါပေမဲ့ ဒီနေ့မနက်ပဲ ငထွေစုတ်ရွာကလူတွေ ဆန်တို့ဆီတို့ ပြန်ယူကြတာရှိတယ်။လေယာဉ်လာပစ်တုန်းပဲ ဘယ်သူတွေ ဘယ်လို ထိခိုက်သွားလဲမသိရသေးဘူး၊ ထိခိုက်မှုတော့ ရှိနိုင်တယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီသည် ဩဂုတ် ၃၁ ရက်နေ့က သစ်ချဆိပ်စခန်း တိုက်ပွဲပြီးနောက်ပိုင်း ညောင်လေးပင်ခရိုင် အတွင်းရှိ ကျေးရွာများအား လေကြောင်းဖြင့် ပိုမိုပစ်မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်ကြောင်းနှင့် ယခုလို တိုက်ခိုက်မှုသည်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့လုပ်ဆောင်ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောဆိုကြသည်။

“လေယာဉ်တစ်စီးထဲနဲ့ လာကြဲတာ ဗုံးကြဲချတာလည်း ပါတယ်။ စက်သေနတ်လည်း ပါတယ်နဲ့တူတယ်၊ စက်သေနတ် ပစ်သံလိုလို အသံတွေလည်း ကြားရတယ်။ လေယာဉ်သံ ကြားကတည်းက ကျနော့်တူမ တစ်ယောက်ကို လှမ်းပြောလိုက်သေးတယ်၊ လုံခြုံတဲ့နေရာရောက်ကြရဲ့လား မသိဘူး။ ခုမနက်လေးတင် ဖြစ်တာလေ၊ ထိတာခိုက်တာတော့ မသိရသေးဘူး” ဟု အမည်မဖော်လိုသူ မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း မျက်ရဲကျေးရွာလမ်းဆုံမှ ငထွေစုတ်ရွာသို့လာရာ လမ်းတလျှောက်တွင် တပ်အင်အား ဖြည့်တင်းခြင်းများ လုပ်ဆောင်နေသည့်အတွက် စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုများ ထပ်မံရှိလာမည်ကို စိုးရိမ်ပူပန်နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဆယ်လုံးထက်မနည်း ငထွေစုတ်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များမှ စစ်ကောင်စီ၏ သစ်ချဆိပ်စခန်းကို တိုက်ခိုက်သိမ်းယူသည့် တိုက်ပွဲရက်များတွင် လေကြောင်းပစ်ကူမှုနှင့် လက်နက်ကြီး ရန်များကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၂၆ ရွာမှ ဒေသခံလူထုများ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ညောင်လေးပင်ခရိုင် အတွင်း စစ်ဘေးရှောင်ဦးရေသည် ၂ သိန်း ကျော် ရှိလာခဲ့ကြောင်း ကေအဲန်ယူနှင့် ကရင်လူ့အခွင့်အရေး အဖွဲ့များ၏ ထုတ်ပြန်မှုများအရ သိရသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here