တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်တို့က မီးရှို့ဖျက်ဆီးခဲ့ရာတွင် နေအိမ် ၁၂ လုံး မီးရှို့ခံထားရကြောင်း ဒေသခံတို့ ပြောပြချက်အရ သိရသည်။
စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရပ်ငယ်ဘုန်းကြီးကျောင်း အနီးတဝိုက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင်လည်း အဆိုပါ ဘုန်းကြီးကျောင်း အနီးတဝိုက်ရှိ နေအိမ်များကို ထပ်မံမီးရှို့ခဲ့ရာ စုစုပေါင်း နေအိမ် ၁၂ လုံး မီးရှို့ခံခဲ့ရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အဲနားတဝိုက်က အိမ်တွေက သိရသလာက် အိမ်ကြီးအိမ်ကောင်းတွေ များတယ်။ အောက်ကအုတ် အပေါ်မှာ သစ်နဲ့ အဲလို နှစ်ထပ်အိမ်တွေ များတယ်” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်က ရွာသား ၁၀၀ ကျော်ကိုလည်း လက္ကူးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖမ်းဆီးခဲ့ ပြီးနောက် ယင်းဒေသခံများကို စက်တင်ဘာလ ၁၆ ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
ယင်းအပြင် လက္ကူးရွာနှင့် ကပ်ရက်ဖြစ်သည့် မှော်ကြောင်းရွာက အရပ်သားတချို့ကိုလည်း ဖမ်းဆီးခဲ့သေးကြောင်း သိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် လက္ကူး၊ မှော်ကြောင်းရွာမှ ဒေသခံများ ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရကြောင်း၊ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်အထိလည်း ပစ်ခတ်သံများ ကြားနေရသေးကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ် နေအိမ်မီးရှို့နေသည့် ကျေးရွာအနီးတဝိုက်တွင် ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့ပစ်ခတ်မှု နေ့စဉ်ရှိနေပြီး နှစ်ဖက်စစ်ရေး တင်းမာလျက် ရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။
IMNA ပေးပို့သည်။