တနင်္သာရီတိုင်း ပုလောမြို့နယ်၊ မကျည်းကုန်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားပြည်သူ ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံကမှ သိရပါသည်။
မေ ၂၄ ရက်နေ့က မကျည်းကုန်းကျေးရွာအနီး တပ်စွဲထားသော စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီနီးပါးအကြာ ဖြစ်ပွားခဲ့ပါသည်။
အဆိုပါတိုက်ပွဲအတွင်း ခရီးသည်ကားနှင့် လိုက်ပါလာသော တနင်္သာရီမြို့နယ်နေသူ အသက် ၂၆ နှစ်အရွယ် မမြတ်မိုးလတ်နှင့် ဆိုင်ကယ်စီးလာသော ပုလောဒေသခံ အမျိုးသားတစ်ဦးတို့ ကျည်ထိမှန်သေဆုံးခဲ့သည်။
ကျည်ထိမှန်သေဆုံးသွားခဲ့သည့် အရပ်သားပြည်သူတွေကို ဒေသခံတွေနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက နေထိုင်ရာ ကျေးရွာများကို ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရပါသည်။
နှစ်ဖက်တိုက်ပွဲအတွင်း ပလမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းမှ လက်နက်ကြီးနှင့် အဆက်မပြတ်ပစ်ကူပေးခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် မင်းထိန်ကျေးရွာ ဘုန်းကြီး ကျောင်းတစ်ကျောင်းနှင့် ဒေသခံတစ်ဦး၏ ဆိုင်ကယ်တစ်စီး ထိမှန်ပျက်စီးခဲ့သည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း သံလွင်တိုင်းမ်ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မြိတ်-ပုလော ပြည်ထောင်လမ်းမကြီးတွင် နှစ်ဖက်စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေပြီး ခရီးသွားကားတွေလည်း မရှိသလောက် နည်းပါးသွားပြီဖြစ်ကြောင်း ဒေသခံတွေထံမှ သိရပါသည်။
စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောမြို့နယ်မှာတော့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲများ ခပ်စိပ်စိတ်ဖြစ်ပွားနေသလို နှစ်ဖက်ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါသည်။
သံလွင်တိုင်းမ် – ပေးပို့သည်။