စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့နယ်၊ ထမံမောက်လပ်ဒေသတွင် NUG ၊ PDF တို့က မူးယစ်ဆေးဝါး ထိန်းချုပ်ကန့်သတ်မှုတို့ကို ဆောင်ရွက်လာခြင်းကြောင့် မူးယစ်ဆေးသုံးစွဲသူ လျော့ကျလာကြောင်း ဒေသခံများက ပြောဆိုသည်။
မူးယစ်ဆေးဝါးဖြစ်သည့် ဘိန်းဖြူ၊ ဘိန်းမဲများသည် ပင်လည်ဘူးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသ အားလုံးနီးပါးတွင် အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်သည့် အခြေအနေတရပ်အထိဖြစ်ခဲ့သော်လည်း ထိန်းချုပ်နှိမ်နင်းမှုများကြောင့် သုံးစွဲသူ လျော့ကျလာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
မူးယစ်ဆေးဝါးများ ထိန်းချုပ်နှိမ်နှင်းမှုကို ၂၀၂၃ ခုနှစ်ကတည်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တို့က ဦးဆောင်ပြီး စတင်နှိမ်နင်းမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ငါတို့ဆီမှာ ဖိုး (ဘိန်းဖြူ) သုံးတဲ့သူတွေတောင် သိပ်မရှိတော့ဘူး။ ဆေးပြတ်သွားကြပြီ၊ မပြတ်တဲ့သူတွေလည်း သေကုန်ကြပီ။ ကျနော်တို့ရွာထဲက ဖိုးစား (ဘိန်းဖြူသုံးစွဲသူ) တွေ ခု လူကောင်းသူကောင်းဖြစ်နေကြပြီ။ တချို့လည်း ဆေးဖြတ်တာ ဒဏ်မခံနိုင်လို့ သေကုန်ကြပြီ။ ဘိန်းမည်းတွေကိုတော့ ကန့်သတ်ချက်နဲ့ တိုင်းရင်းဆေးတွေအတွက် ချွင်းချက်ပေးထားတာလေးတွေတော့ ကြားမိတယ်။ အဲ့ဒါလည်း လိုသလောက်မယူရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
မူးယစ်ဆေးဝါးများ ဆေးသုံးစွဲသူ သိသိသာသာ လျော့နည်းလာတာကြောင့် ဒေသတွင်း သူခိုးအန္တရာယ်ပါ အနည်းငယ်ကျဆင်းလာသည်ဟု ဒေသခံတို့က ပြောဆိုသည်။
သို့သော် မူးယစ်ဆေးဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုများသည် နယ်မြေတခုအတွင်းမှာပင် ပုံစံမတူကြဘဲ အချို့နေရာများ၌ ဆက်လက်ရရှိနေကြဆဲဖြစ်သည်ဟုလည်း သိရှိရသည်။
ပင်လည်ဘူးဒေသခံတစ်ဦးက “အစိုးရတခုတည်းနှင့် ဩဇာမတူနေသလိုမျိုးကြီးတောင် ခံစားရတယ်။ ငါတို့ဆီမှာ ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရဆိုတဲ့ဟာတွေ ဟိုဘက်ရောက်သွားရင် တားမည့်သူတောင်မရှိဘူး။ ဒီဘက်မှာ ဆေးမချရတဲ့သူတွေက အလုပ်သွား၊ ရွှေမျှောလုပ်၊ ကုန်ကူးရင်း အဲ့ဘက်ကိုရောက်သွားရင် ဆေးချခဲ့ပြန်ပြီ” ဟု ပြောသည်။
ပင်လည်ဘူးမြို့နယ်အတွင်းက ထမံ/ မောက်လပ်ဒေသနှင့် ထိစပ်နေသည့် ဖောင်းပြင်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ် အနောက်ခြမ်း NUG, PDF ထိန်းချုပ်ဒေသတို့တွင် မူးယစ်ဆေး အလွယ်တကူရရှိနေသည်ကို ဆက်လက်တွေ့မြင်နေကြရဆဲဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုသည်။
ရှမ်းနီအသံ ပေးပို့သည်။