28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းနှစ်ဆန်းတစ်ရက် လွတ်ငြိမ်းတွင် နိုင်ငံရေးအကျဉ်းသား ပါဝင်မှုနည်းပါးဟု PPNM ပြောဆို

နှစ်ဆန်းတစ်ရက် လွတ်ငြိမ်းတွင် နိုင်ငံရေးအကျဉ်းသား ပါဝင်မှုနည်းပါးဟု PPNM ပြောဆို

စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိအကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသူများအား မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသားဦးရေ လွတ်မြောက်ပါဝင်မှုနှုန်း အဆမတန်နည်းပါးသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူတို့က ပြောသည်။

ဧပြီလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် အကျဉ်းသားစုစုပေါင်း ၄၈၉၃ ဦးအထိ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာတွင် နိုင်ကျဉ်း ၁၀ ရာခိုင်နှုန်းအောက်သာ ပါဝင်ခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM တာဝန်ရှိသူတို့က ပြောဆိုသည်။

PPNM ဦးဆောင်ကော်မတီဝင်ဖြစ်သူ ကိုသိုက်ထွန်းဦးက “လက်ရှိမြေပြင်မှာတောင် ကောင်းကောင်းမထိန်းနိုင် သေးတဲ့အခြေနေမျိုးမှာ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ဟာ သူတို့အတွက် အခက်အခဲများစွာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သူတို့ စိုးရိမ်ကြောင့်ကြမှုတွေက သူတို့ကိုပြန်လွှတ်ပေးခြင်းအားဖြင့် စစ်ကောင်စီကို ပြန်တိုက်မှာကို စိုးရိမ်တဲ့အတွက် မလွှတ်ပေးတဲ့အခြေနေမျိုးလို့ပဲ သုံးသပ်ပါတယ်” ဟု ပြောသည်။

လက်ရှိ ရရှိထားသည့်စာရင်းများအရ သရက်ထောင်တွင် ၂ ဦး၊ သာယာဝတီ အကျဉ်းထောင်တွင် ၂ ဦး၊ တာချီလိတ် ထောင်တွင် ၂ ဦး၊ ဒိုက်ဦးထောင်တွင် ၅ ဦး၊ ရမည်းသင်းထောင်တွင် ၁၅ ဦး၊ မကွေးထောင်တွင် ၁၁ ဦး၊ မိတ္ထီလာထောင်တွင် ၃ ဦး၊ ဘားအံထောင်တွင် ၃ ဦး၊ ပေါင်းတည်ထောင်တွင် ၂ ဦး၊ ထားဝယ်အကျဉ်းထောင်တွင် ၂ ဦး၊ ပြည်အကျဉ်းထောင်တွင် ၉ ဦး၊ ပခုက္ကူအကျဉ်းထောင်တွင် ၅ ဦး ၊ ညောင်ဦးအကျဉ်းထောင်တွင် ၄ ဦး၊ တောင်ငူနှင့် ကလေးထောင်တို့တွင် ၁ ဦးစီ လွတ်မြောက်လာကြသည်ဟု PPNM က ဆိုသည်။

ထို့အပြင် ဧရာတီတိုင်းတစ်တိုင်းလုံးတွင်လည်း ပုသိမ်အကျဉ်းထောင်မှ နိုင်ကျဉ်း ၁ ဦးသာ လွတ်မြောက်လာပြီး အခြားထောင်များမှ လွတ်မြောက်လာသည့်စာရင်းများကိုလည်း စုံစမ်းနေဆဲ ဖြစ်သည်။

ကိုသိုက်ထွန်းဦးက “အာဏာသိမ်းပြီးချိန် အကျဉ်းထောင်ထဲမှာ လွတ်ငြိမ်းအတွက်စီစဉ်တုန်းကတော့ အခြား ရာဇဝတ်အကျဉ်းသား သောင်းဂဏန်းထိကို လွှတ်ပေးခဲ့တယ်။ အဲဒီထဲမှာဆိုရင် သေဒဏ်ကျသူတွေကို လျှော့ရက်တွေအများကြီးပေးခဲ့တာ နှစ် ၃၀ ကျတဲ့သူတွေကိုလည်း ၁၀ နှစ်လောက်အထိ လျှော့ပေးခဲ့တာ အများကြီးပဲပေါ့၊ ထောင်ခါတဲ့အထိကိုမှ လုပ်ပေးခဲ့တယ်။ အဲ့ဒီမှာ လွတ်သွားတဲ့လူဦးရေအစား နိုင်ကျဉ်းတွေထည့်ပြီးမှ အခုထိကိုမှ မလွှတ်ပေးတဲ့ အခြေနေကိုတော့ တွေ့နေရတယ်ဗျာ” ဟု ဆက်ပြောသည်။

အကျဉ်းထောင်များ၌ နိုင်ကျဉ်းအရေအတွက် များများရှိခြင်းမှာ စစ်ကောင်စီအတွက် နောက်ဆုံးထွက်ပေါက် ဖြစ်နိုင်ချေရှိသဖြင့် လွတ်ငြိမ်းခွင့်၌ လွတ်မြောက်ပါဝင်သူ နည်းလာရခြင်း ဖြစ်နိုင်သည်ဟုလည်း နိုင်ကျဉ်းဟောင်းများက သုံးသပ်ပြောကြသည်။

မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် အင်အား ၇.၇ မီတာစကေး ပြင်းအားရှိ မြေငလျင်လှုပ်ခတ်မှုတွင်လည်း မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်တွင် နိုင်ကျဉ်း ၆ ဦးခန့် ထွက်ပြေးခွင့်မရသဖြင့် ထိခိုက်သေဆုံးခဲ့ကြရသေးသည်။

NMG ပေးပို့သည်။