နောင်ချိုတွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၁ ‌ထောင်ကျော် ထွက်ပြေးတိမ်းရှောင်

0
261
ပုံစာ - နောင်ချိုဒေသခံနေအိမ်တချို့ ထိခိုက်ပျက်စီး။

သျှမ်းပြည်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်/TNLA၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ဘေးရှောင် ၁ ‌ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စုံစမ်းသိရသည်။

ပြင်ဦးလွင်မြို့မှ နောင်ချိုမြို့သို့ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့မှ နိုဝင်ဘာ ၁ ရက်နေ့က စပြီး နောင်ချိုမြို့နယ် အုမ္မခါးနှင့် ရွှေညောင်ပင်ရွာ တို့တွင် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲကြောင့် နောင်ချိုဒေသခံ ၁ ထောင်ကျော်မှာ နီးစပ်ရာ ကျေးရွာများနှင့် ဘုန်းကြီးကျောင်းများတွင် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု နောင်ချိုမြို့ဒေသခံများက ပြောသည်။

“မနေ့တုန်းက သူတို့တွေ ပစ်ကြတယ်။ လေယာဉ်ပျံနဲ့လဲ ပစ်ကြတော့ ဗုံးတွေက ရွာထဲ လူနေအိမ်တွေပါမကျန် နေရာအနှံ့ ကျတာ၊ တချို့အိမ်တွေဆိုရင် အိမ်ခေါင်မိုးတောင် မရှိတော့ဘူး။ အဲ့လို ဖြစ်ကုန်တာ။ တမြန်နေ့တုန်းက အုမ္မခါး၊ ရွှေညောင်ပင်တို့မှာ အရင်စတိုက်တာ၊ မနေ့တုန်းကတော့ ရေမောင်းတန်း၊ ဆမ္မဆယ်တွေမှာ ဒီကြားထဲက ရွာတွေ အကုန်ဖြစ်တာ။ ရွာသားတွေလဲ ကြောက်လို့ အကုန်လုံး ထွက်ပြေးကြတာပေါ့” ဟု နောင်ချိုမြို့ အုမ္မသီး ဒေသခံတစ်ဦးက ပြောသည်။

နောင်ချိုမြို့နယ်တွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အုမ္မသီး၊ အုမ္မခါး၊ ရွှေညောင်ပင်၊ ဆမ္မဆယ်၊ ရေဝင်နှင့် ဟိုခို ကျေးရွာတို့မှ ပြည်သူများသည် သုံးဆယ်ကျေးရွာနှင့် ပြင်ဦးလွင်မြို့ရှိ ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးအိမ်များသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

“အုမ္မသီးလမ်းခွဲ၊ ရေဝင်၊ ဆမ္မဆယ်၊ ရွှေညောင်ပင်၊ ရေမောင်းတန်း ဒီရွာတွေမှာတော့ အိမ်စောင့်တဲ့လူလောက်ပဲ ကျန်ခဲ့တယ်။ အခု ပြင်ဦးလွင်ဘက် မလာနိုင်တဲ့သူတွေဆိုရင် သုံးဆယ်ဘက်ကို သွားကြတာတွေ ရှိတယ်။ ကုန်းသာတို့ ကြူအင်းတို့ဘက်ကို သွားကြတာလဲ ရှိတယ်။ နောင်ချိုဘက်ကိုတော့ သွားလို့မရတော့ဘူး။ အုမ္မသီး ကျော်ပြီးတော့ ဘန့်ဘွေး မရောက်ခင်က ရေဝင်တံတားကိုလဲ ဖျက်လိုက်ပြီလို့ ကြားတယ်” ဟု ပြင်ဦးလွင်မြို့ အောင်ချမ်းသာ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။

ပြင်ဦးလွင်မြို့ အောင်ချမ်းသာဘုန်းကြီးကျောင်း၌ စစ်ဘေးရှောင်နေရသူများထဲတွင် မီးဖွားပြီးစ ကလေးမိခင် ၂ ဦးပါဝင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထားရကြောင်း စစ်ရှောင်ကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

“အချိန်ကြာလာရင်တော့ စားနပ်ရိက္ခာတွေလဲ မလောက်နိုင်ဘူးပေါ့နော်။ အခု လောလောဆယ်တော့ သူတို့ပါလာတဲ့ ဆန်တွေနဲ့ပဲ စားနေကြတယ်။ ဒီနေ့လဲ စစ်ဘေးရှောင်တွေ ထပ်ရောက်လာဦးမယ်ပြောတယ်။ အခုမှ မီးဖွားပြီးတဲ့ ကလေးအမေ ၂ ယောက်လည်း ရှိတယ်။ တစ်ယောက်က ၁၄ ရက်ပဲ ရှိသေးတယ်။ သွေးနုသားနုဆိုတော့လည်း စိတ်ပူရတာပေါ့” ဟု အဆိုပါအမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်က နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်ကို TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာသဖြင့် လေကြောင်းမှ ပြန်လည် တိုက်ခိုက်ခဲ့ခြင်းကြောင့် သပြေတိုး၊ မြေစာကုန်းနှင့် သဖန်းကိုင်း ဘုန်းကြီးကျောင်းတို့တွင်လည်း စစ်ဘေးရှောင် ၄၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု နောင်ချိုဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၂ ရက် ညသန်းခေါင်အချိန်တွင်လည်း နောင်ချိုမြို့နယ် ဟိုခိုကျေးရွာတွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ရှိ ဖျက်အားပြင်းဗုံးဖြင့် လာရောက်ပစ်ခတ် သွားခြင်းကြောင့် နေအိမ် ၃ လုံး ပျက်စီးသွားကြောင်း TNLA တပ်ဖွဲ့၏ သတင်းပြန်ကြားရေးဌာနက နိုဝင်ဘာ ၃ ရက် တွင် ထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here