မကွေးတိုင်း၊ ဂန့်ဂေါမြို့ရဲစခန်းအချုပ်တွင် ဖမ်းဆီးခံထားရတဲ့သူတွေကို စခန်းမှူးဖြစ်သူ ဒု-ရဲမှူး လှဝင်းဇော်က အရက်မူးလာချိန်တိုင်း ရိုက်နှက်နေတယ်လို့ ရဲစခန်းနှင့်နီးစပ်သူများက ပြောဆိုသည်။
ယင်းအချုပ်ခန်းတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၆၀ ကျော်ရှိပြီး စခန်းမှူးဖြစ်သူ အရက်မူးလာချိန်တိုင်း အချုပ်ခန်းထဲကသူများကို အပြင်ထုတ်ပြီး ရိုက်နှက်နေတာဖြစ်တယ်လို့ ရဲစခန်းနှင့်နီးစပ်သူတစ်ဦးက ပြောပါသည်။
“စုစုပေါင်း အချုပ်သား ရှစ်ဆယ်ကျော်မှာ ခြောက်ဆယ်လောက်က နိုင်ကျဉ်းတွေ ဖြစ်ပါတယ်။ မူးလာတဲ့အချိန် မထင်ရင်မထင်သလို ထုတ်ပြီးရိုက်တယ်။ နိုင်ကျဉ်းတွေအားလုံး လူ့အခွင့်ရေး ချိုးဖောက်ခံရတာတွေ ရှိတယ်” လို့ ၎င်းက ပြောသည်။
ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေကို မီတာခ၊ သောက်ရေနဲ့ ရေချိုးဖို့ ကုန်ကျစရိတ်တွေ တောင်းခံတာတွေ ရှိနေပြီး အိမ်နှင့်အဆက်အသွယ်မရဘဲ ကုန်ကျစရိတ်မပေးနိုင်သူများကို ပိုမိုရိုက်နှက်လေ့ရှိတယ်လို့ ရဲစခန်းနှင့်နီးစပ်သူက ဆက်ပြောဆိုသည်။
အကျဉ်းသားတွေကို အရက်မူးလာချိန်တိုင်း ရိုက်နှက်နေသည့် စခန်းမှူးဖြစ်သူ ဒုရဲမှူးလှဝင်းဇော်သည် ဂန့်ဂေါမြို့နယ်ရဲစခန်း၌ ၁ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၎င်းသည် ဂန့်ဂေါမြို့နယ် တရားသူကြီးနှင့် ဆွေမျိုးမကင်းသူဖြစ်ကြောင်းလည်း ဒေသခံတွေထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ကန်ရွာနယ်မြေရဲစခန်းကို စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးပြီးနောက် ဂန့်ဂေါမြို့နယ်ရဲစခန်းကို PDF တပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်ပါက နိုင်ငံရေး အကျဉ်းသားများကို သတ်ဖြတ်ပြစ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ ရဲစခန်းနှင့်နီးစပ်သူကပြောသည်။
ဂန့်ဂေါမြို့တွင် ဖမ်းဆီးခံထားရသူ ၁၅၀ ဝန်းကျင် ရှိနေပြီး လက်ရှိချုပ်နှောင်ခံထားရသူ ၆၀ ကျော်ရှိကာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်း ၃ ဦးကို စစ်ကောင်စီက သတ်ဖြတ် ခဲ့ကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း ထောင်တွင်း ဥပဒေမဲ့ သတ်ဖြတ်ခံရသည့် နိုင်ငံအကျဉ်းသား ၁၈ ဦး အထိ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ နှစ်ကုန်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားတွေဟာ စတင်ဖမ်းဆီးခံရချိန်၊ စစ်ကြောရေး စခန်းနဲ့ အကျဉ်းထောင်တွေမှာ လူ့ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံနေကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ပြောဆိုထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။