နာဂလဲန်းပြည်နယ်သို့ တိမ်းရှောင်နေကြသည့်စစ်ဘေးရှောင်များ စားဝတ်နေရေးခက်ခဲနေ

0
120
ပုံစာ - နာဂဒေသခံများကို NGO အဖွဲ့က အဝတ်အထည်၊ အိုးခွက်ပန်းကန်နှင့် ဆန်လာရောက်လှူဒါန်းနေစဉ်။ (ပုံဟောင်း ဖြစ်သည်)

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အိန္ဒိယနိုင်ငံရှိ နာဂလဲန်းပြည်နယ်သို့ တိမ်းရှောင်နေကြသူ စစ်ဘေးရှောင်များသည် ထောက်ပံ့ကြေးမရတော့သဖြင့် နေထိုင်စားသောက်ရေးအတွက် ခက်ခဲလာပြီး အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုကြောင့် နာဂဒေသရှိ CDM ဝန်ထမ်းများ၊ NLD ပါတီ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့သည် အိန္ဒိယနိုင်ငံ နာဂလဲန်းပြည်နယ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။

နာဂလန်းပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားတစ်ဦးက “အဆင်ပြေအောင် ကြိုးစားနေနေကြတယ်။ အစကတည်းကမှ ကောင်းကောင်းမပေးတဲ့ကြားက အခုနောက်ပိုင်းဆိုရင် ဘာထောက်ပံ့မှုမှမရတာ ကြာနေပြီ။ ဘာကြောင်းလဲတော့ သေသေချာချာတော့ မသိဘူး။ အဓိကတော့ လူသားချင်းစာနာထောက်ပံ့မှုအကူအညီတွေ လိုအပ်နေတယ်” ဟု ပြောသည်။

အိန္ဒိယနိုင်ငံ နာဂလန်းပြည်နယ်သို့ တိမ်းရှောင်နေရသူ မိသားစု ၅၀ ကျော် ရှိပြီး စုစုပေါင်းလူဦးရေ အယောက် ၃၀၀ ကျော်ရှိသည်ဟု တိမ်းရှောင်နေရသူများအား ကူညီဆောင်ရွက်ပေးနေသည့် တာဝန်ခံတစ်ဦးက ပြောသည်။

“ရောက်ခါစတုန်းက လူမှုအဖွဲ့စည်းတွေ ဝိုင်းကူကြပေမယ့် အချိန်ကာလကြာလာတော့ သူတို့တွေလည်း မကူညီနိုင်ကြတော့ဘူး။ အခက်အခဲဆုံးကတော့ စားစရိတ်ပေါ့။ ကျနော်တို့လည်း ရောက်နေတာ သုံးနှစ်ကျော် လေးနှစ်ဆိုတော့ ခက်ခဲကြပါတယ်။ နေစရာအိမ် ငှားရမ်းခ၊ ပညာရေးစရိတ်၊ ကျန်းမာရေး၊ စားစရိတ် စတာတွေ အခက်ခဲတွေပေါ့” ဟု အဆိုပါကူညီပေးနေသူက ပြောသည်။

စစ်အာဏာသိမ်းချိန်က နာဂလန်းပြည်နယ်သို့ တိမ်းရှောင်နေသူများကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် နာဂလန်းရှိ အရပ်ဖက်အဖွဲ့အစည်းများက ကူညီထောက်ပံ့ပေးခဲ့သော်လည်း လက်ရှိတွင် ထောက်ပံ့ကူညီမှုများ မရရှိတော့သည့် အခြေအနေတွင် ရှိနေသည်ဟု တိမ်းရှောင်နေရသူအမျိုးသမီးတစ်ဦးက ပြောသည်။

“၂၀၂၂ နှစ်ဆန်းပိုင်း အထိလောက်ပဲ နည်းနည်းပါးပါးရတာ။ အဲ့နောက် ခုထိမရတော့ဘူး။ အရမ်းခက်ခဲတယ်၊ မရဘူးပြောလည်း မယုံကြဘူး။ သူများတွေတော့ ဘယ်လိုရှေ့ဆက်နေလဲ မသိဘူး။ မသေထမင်း မသေဟင်းတွေနဲ့ အသက်ဆက်နေရတယ်။ ဝင်ငွေမရှိ အထောက်အပံ့မရှိတော့လေ” ဟု ၎င်းက ပြောဆိုသည်။

ထောက်ပံ့မှုများ မရတော့သည့်အတွက် နေ့စားအလုပ်ဖြစ်သည့် ကျောက်ထုလုပ်ငန်း၊ လယ်ယာနှင့် တောင်ယာစိုက်ခင်းများတွင် လုပ်ကိုင်နေကြရသည်ဟု ဆိုသည်။

တစ်ရက်လျှင် လုပ်ခအနည်းဆုံး အိန္ဒိယငွေ ရူပီး ၂၅၀ မှ အများဆုံး ၆၀၀ အထိရရှိပြီး ကျပ်ငွေအားဖြင့် အများဆုံး ၃၀,၀၀၀ ကျပ်အထိသာ ရကြသည်ဟု ကူညီဆောင်ရွက်ပေးနေသူက ပြောသည်။

“ရှိတာလေး ရောင်းထုတ်ပြီး နေလာကြတယ်။ အခုနောက်ပိုင်းဆို ရောင်းစရာလည်း မရှိကြတော့ဘူး။ တခုခု အလုပ်အကိုင် ရှားပါးမှုကြောင့် နေ့စားလိုက်ဖို့တောင် မနည်းရှာရတယ်။ အလုပ်လုပ်နိုင်တဲ့လူတွေက နေ့စား လိုက်ကြတယ်။ လယ်၊ ကျောက်ထုတ်၊ တောင်ယာစတဲ့ အလုပ်တွေ အလုပ်ကြမ်းရင် ကြမ်းသလိုရတယ်” ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း၊ နာဂဒေသရှိ လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ်တို့မှ NLD ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများသည် အိန္ဒိယနိုင်ငံဘက်ခြမ်းရှိ နာဂလန်းပြည်နယ်သို့ အများဆုံး ထွက်ပြေးတိမ်းရှောင်နေကြသည်။

ထွက်ပြေးတိမ်းရှောင်လာစဉ်က နာဂလဲန်းပြည်နယ်အစိုးရက အလှူငွေတစ်ကြိမ် ထောက်ပံ့ပေးခဲ့ပြီးနောက်ပိုင်းတွင် ကူညီထောက်ပံ့မှုများမရှိတော့ဟု နာဂလန်းဒေသသို့ ထွက်ပြေးတိမ်းရှောင် ရောက်ရှိနေသူများက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here