နတ်သံကွင်းသို့စစ်ကူလာသည့် တင့်ကားအပါအဝင်စစ်သုံးယာဥ် ၃ စီးကို KNLA ပူးပေါင်းတပ်က မိုင်းခွဲဖျက်ဆီးခဲ့

0
285
ပုံစာ - ဒရုန်းဖြင့်ရိုက်ကူးထားသည့် မိုင်းခွဲတိုက်ခိုက်မှုပြီးမြင်ကွင်း။

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၃) ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ နတ်သံကွင်းမြို့သို့ စစ်ကူလာသော စစ်ကောင်စီ၏ တင့်ကား၂ စီးနှင့် သံချပ်ကာကား ၁ စီး ကို KNLA ပူးပေါင်းတပ်များက တင့်ကားဖျက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ရာမှာ ပျက်စီးသွားကြောင်း KNU က သတင်းထုတ်ပြန်သည်။

နတ်သံကွင်းမြို့တိုက်ပွဲအတွင်း နတ်သံကွင်းမြို့မရဲစခန်းတွင် ပိတ်မိနေသော စစ်ကောင်စီတပ်များအတွက် စစ်ကူလာသော စစ်ကောင်စီယာဥ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ် များက ကြိုတင်တပ်ဆင်ထားသည့် တင့်ကားဖျက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မိုင်းပေါက်ကွဲမှုကြောင့် ပက်လက်လန်ပျက်စီးသွားသည့် တင့်ကား ၁ စီးနှင့် ယာဥ်အရှေ့ပိုင်းတစ်ခုလုံး ပျက်စီးသွားသော သံချပ်ကား ၁ စီး ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကရိန်းကားဖြင့် ပဲနွယ်ကုန်းမြို့အတွင်းသို့ ဆွဲယူသွားကြောင်းနှင့် ညောင်ဝိုင်းကျေးရွာအနီးတွင်လည်း ပျက်စီးနေသည့် တင့်ကား ၁ စီးအား တွေ့ရှိရသည်ဟု KNU က ပုံနှင့်တကွ ထုတ်ပြန်ဖော်ပြသည်။

KNLA ပူးပေါင်းတပ်များက ထိုသို့မိုင်းဖောက်ခွဲတိုက်ခိုက်မှုကို ယခုဇန်နဝါရီလဆန်းပိုင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါယာဥ်များဖြင့် လိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း မိုင်းပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သည် ဟု ထည့်သွင်းပြောဆိုထားသော်လည်း KNU က အရေအတွက်အတိအကျကို ဖော်ပြထားခြင်းမရှိပါ။

ဇန်နဝါရီ ၁၅ ရက်နေ့က စ၍ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လာသည့် ဒရုန်းမြင်ကွင်းဖြင့် ရိုက်ကူးထားသည့် အဆိုပါမိုင်းခွဲတိုက်ခိုက်မှု နောက်ဆက်တွဲ ဓာတ်ပုံမှတ်တမ်းများအရ ယာဥ်တန်းမိုင်းခွဲမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှု ရှိမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလကုန်ပိုင်းမှ စတင် ဖြစ်ပွားခဲ့သော နတ်သံကွင်းမြို့တွင်းတိုက်ပွဲသည် လက်ရှိအချိန်ထိ ပစ်ခတ်မှုများ ရှိနေသေးသည်ဟု ဒေသခံများ၏ပြောဆိုမှုအရ သိရှိရသော်လည်း နတ်သံကွင်းမြို့မရဲစခန်းအား KNLA ပူးပေါင်းတပ်မှ သိမ်းယူနိုင်ခြင်း ရှိမရှိကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here