စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း အသင်းအဖွဲ့မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းများ လုပ်ငန်းများ ပြန်လည် လုပ်ဆောင်ကြရန် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဇွန်လ ဒုတိယပတ်ထဲတွင် ဆက်သွယ်ပြောဆိုလာကြောင်း ဒေသခံအသင်းအဖွဲ့များထံမှ သိရသည်။
ထီးချိုင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအောက်ရှိ မှတ်ပုံတင်ဌာနက ဖုန်းဆက်သွယ်လာပြီး မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့များကို မှတ်ပုံပြန်တင်ရန်နှင့် လုပ်ငန်းဆက်လက် လုပ်ဆောင်ခြင်း မရှိပါက အပြီးဖျက်သိမ်းနုတ်ထွက်ရန် အကြောင်းကြားလာခြင်း ဖြစ်သည်ဟု အသင်းအဖွဲ့များက ပြောသည်။
မြို့နယ်အတွင်း ၂၀၂၁ ခုနှစ် နောက်ပိုင်း ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များမှာ လုပ်ကိုင်ရ ခက်ခဲလာပြီး အသက်အန္တရာယ် လုံခြုံရေး၊ လမ်းခရီး လုံခြုံရေး စသည့် အကြောင်းအရင်းများကြောင့် လုပ်ငန်းများ ရပ်နားထားကြရကြောင်း သိရသည်။
“လုပ်ဖို့ပြုဖို့တွေ ပြောတော့ မှတ်ပုံတင်မလုပ်ဘူးဆိုရင်က နုတ်ထွက်စာတင်ခိုင်းဖို့တွေ ဆိုတာက သူတို့အနေနဲ့ ဖိအားပေးတယ်လို့ ကျွန်တော်တို့ မြင်တယ်။ မဖြစ်နိုင်တဲ့အရာတွေကို လုပ်ခိုင်းတာ ဖိအားပဲ ဒီရဲ့ဟာက၊ ကျွန်တော်တို့ကတော့ ဒါကို မတင်နိုင်ဘူး၊ ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့တော့ ရှိတယ်ဆိုတာကိုတော့ ပြန်ပြောထားတယ်” လို့ Ò၅Ó နှစ် နီးပါး သက်တမ်းရှိ ထီးချိုင့်မြို့နယ်ရှိ လူမှုရေး အသင်းအဖွဲ့တစ်ခု ဥက္ကဌက ပြောဆိုသည်။
ထီးချိုင့်မြို့နယ်၏ လက်ရှိအနေအထားအရ မြို့အနီး မိုင်အနည်းငယ်အတွင်းတွင် စစ်ကောင်စီ တပ်ဖွဲ့များက စိုးမိုးထားပြီး ကျေးလက်ဒေသတချို့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စိုးမိုးထားကြောင်း မြို့ခံများက ပြောသည်။
“ကျွန်တော်တို့ကတော့ လုပ်ဖို့ဆန္ဒတော့ရှိတယ်လို့ အမှန်အတိုင်းပဲ၊ ဒါပေမယ့် လုပ်လို့ကိုင်လို့မရတော့ ကျွန်တော်တို့ ဘယ်လိုမှ မတတ်နိုင်ဘူး။ ဒါပေမယ့် အဲ့ဒါကို အထက်ပြန်တင်ဆိုလည်း အဲ့ဒါကိုလည်း မတင်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကာလပေါ်မူတည်ပြီးတော့ အလုပ်လုပ်ရတော့ ဘယ်သူမှလည်း လုပ်မှာမဟုတ်ဘူး” လို့ အဆိုပါဥက္ကဌက ဆက်ပြောသည်။
၂၀၁၉ ခုနှစ် ထီးချိုင့်မြို့နယ်ဆိုင်ရာ အချက်အလက်များအရ ထီးချိုင့်မြို့နယ်အတွင်း မှတ်ပုံတင် ထားသည့် အသင်းအဖွဲ့ ၂၆ ခု ရှိကြောင်းနှင့် ယင်းအသင်းအဖွဲ့များသည် ၂၀၂၁ ခုနှစ် နောက်ပိုင်း နယ်မြေလုံခြုံရေး အခြေအနေများကြောင့် အသင်းအဖွဲ့အများစု လုပ်ငန်းများ ရပ်နားထားရသည်ဟု သိရသည်။
ရှမ်းနီအသံ ပေးပို့သည်။